ပလက်ဝမြို့မှ ချင်းလူငယ် ၉ ဦးကိုခေါ်ယူစစ်ဆေးနေ၊ ၁ ဦးပြန်လွတ်

By Western News/ 2021 May 29

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ချင်းလူငယ် ၉ ဦးကို တပ်မတော်က ခေါ်ယူစစ်ဆေးမေးမြန်းလျက်ရှိရာ ၎င်းတို့ထဲမှ အမျိုးသမီးတစ်ဦးကို ယနေ့မေလ ၂၉ ရက်နေ့တွင် ပြန်လွတ်ပေးလိုက်သည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၈ ရက်နေ့တွင် ပလက်ဝမြို့ရှိ မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဗုံးနှစ် လုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ခဏအကြာတွင် လူငယ် ၃ ဦးကိုတပ်မတော်ကခေါ်ဆောင်သွားပြီး မေလ ၂၉ ရက်နေ့တွင် နောက်ထပ်လူငယ် ၆ ဦးကိုခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်က ပြောသည်။

စစ်ဆေးခံနေရသူများမှာ ကိုချမ်းမိုး(ကျန်းမာရေး)၊ ကိုအောင်ထွန်းစိုး (NGO)၊ ကိုဒေးဗစ် (WFP)၊ ကိုအိုက်ထွန်းမင်း(ကုမ္ပဏီ)၊ ကိုလိုင်ပန်း (အား/ကာ)၊ ဦးရာကျော်(NGO)၊ ကိုအိုက်မင်း၊ ကိုအိုက်ထွန်းမင်း(သစ်တော)တို့ဖြစ်သည်။ ပြန်လွတ်လာသူတစ်ဦးမှာ ဒေါ်ဥမ္မာလှမြင့်ဌေး (စာရင်းစစ်)ဖြစ်သည်။

“ မနေ့ကဗုံးပေါက်ကွဲလို့ပြီးတော့ လူငယ် ၃ ယောက်ကိုတပ်မတော်သားတွေကခေါ်သွားတယ်။ ဒီနေ့မှာလည်း နောက်ထပ်လူငယ် ၇ ယောက်ကိုခေါ်သွားကြတယ်။ အဲဒီထဲကအမျိုးသမီးတစ်ဦးကိုတော့ ပြန်လွတ်ပေးလိုက်တယ်။ ကျန်တဲ့သူတွေကတော့ အခုချိန်ထိမလွတ်ပေးသေးဘူး”ဟု ကိုတင်ထွန်းအောင်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့မရဲစခန်းမှ စခန်းမှူးအား ယနေ့ မနက်ပိုင်းက ဆက်သွယ်ရာတွင် ခေါ်ယူစစ်ဆေးခြင်းသည် ဟုတ်မှန်ကြောင်းပြန်လည်ဖြေဆိုသည်။ ယင်းအပြင် ယနေ့မေလ ၂၉ ရက်နံနက် ၅ နာရီကျော်အချိန်ခန့်တွင် ပလက်ဝ မြို့မစျေးကြီး၌ ရှိသည့်ကုန်စုံဆိုင်ကို ရောင်းချရန် ပြင်ဆင်နေသည့် ကိုသီဟအောင်ကိုလည်း တပ်မတော်သားများကခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များကပြောသည်။

https://www.facebook.com/westernnewsagency/posts/300149018458276

Leave a Reply

Your email address will not be published.