By Western News/ 2021 May 27
ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တို့တွင် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်ခန့်က ဗုံးနှစ်လုံးရှေ့ဆင့်ရှေ့နောက်ဆင့်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုမှာ အချိန်အနည်းငယ်ကွာခြားပြီးပေါက်ကွဲခြင်းဖြစ်ကာ ယင်းပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်က Western News ကိုပြောသည်။
“ဗုံးပေါက်တာက ဒီနေ့မနက် ၇ နာရီ ၄၅ မိနစ်လောက်မှာပေါက်တာ။ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးရှေ့မှာတစ်လုံး ပြီးတော့ မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာတစ်လုံး။ ပေါက်တာကတော့ အချိန် ၂ မိနစ် လောက်ပဲခြားတယ်။ ဘဏ်အနီးပေါက်ကွဲမှုကြောင့်တော့ ဒေသခံတစ်ဦးပွန်းပဲ့ဒဏ်ရာရရှိသွားတယ်”ဟုပြောသည်။
လက်ရှိအချိန် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာများတွင် လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထားကြောင်းလည်းသိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပလက်ဝမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌကို Western News က အဆက်အသွယ်ရရှိရန်ကြိုစားနေဆဲဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/299223475217497