ပလက်ဝတွင် ပေါက်ကွဲမှုနှစ်နေရာဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသူမရှိ

By Development Media Group (DMG)/ 2021 May 28

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ယနေ့ မေလ ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရှိသူမရှိကြောင်း မြို့နယ်ရဲစခန်းမှ သိရသည်။

အဆိုပါ ပေါက်ကွဲမှုမှာ အသံဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ပလက်ဝမြို့၊ မြို့မရပ်ကွက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် တစ်လုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ခွဲရှေ့နှင့် ရဲလိုင်တန်း ရေမြောင်းထဲတွင် တစ်လုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ပလက်ဝမြို့မရဲစခန်းမှ ရဲမှူးထွန်းကိုကိုလတ်က ပြောသည်။

“အဲဒါက အသံဗုံးပေါ့ဗျာ။ အသံကျယ်အောင်လုပ်ထားတဲ့ဗုံး။ လူတော့ ထိခိုက်မှုမရှိပါဘူး။ မနက် ၇ နာရီခွဲမှာဖြစ်တာ။ နှစ်လုံးပေါက်တယ်။ တစ်လုံးနဲ့ တစ်လုံး အချိန်ဆယ်စက္ကန့်လောက်ပဲကြာတယ်” ဟု ရဲမှူး ထွန်းကိုကိုလတ်က ပြောသည်။

ယင်းသို့ ပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် ပလက်ဝမြို့ပေါ်ကဒေသခံများမှာ စိုးရိမ်ကြောက်လန့်သွားကြသည်ဟု မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့ ပလက်ဝ တပ်ဖွဲ့မှူး ဦးကျော်မြင့်ဦးက ပြောသည်။

“အဲဒီ အနားမှာ ဘဏ်တွေရှိတယ်ဆိုတော့ ရဲသားတွေ စစ်သားတွေရှိတယ်။ အခုလိုမျိုး ပေါက်ကွဲမှုဖြစ်တော့ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုမြင့်မားသွားတာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးယူထားပြီး အသွားအလာ ကန့်သတ်ထားကြောင်း ပလက်ဝဒေသခံ ဦးအောင်ကျော်မိုးက ဆိုသည်။

ရခိုင်ပြည်အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) နှစ်ဖက် စစ်ရေးများ ရပ်တန့်နေသည်မှာ လက်ရှိတွင် ၆ လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင် ၈၀၀၀ ကျော်ရှိပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နှင့် ဆမီးဒေသတို့တွင် စားနပ်ရိက္ခာ ပြတ်လပ်သည်အထိ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ကြရသည်။

ပလက်ဝမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသဖြင့် ကုန်းလမ်း၊ ရေလမ်းခရီးသွားလာခြင်းကို ခွင့်ပြု ထားသော်လည်း လုံခြုံရေးဂိတ်၏ ခွင့်ပြုချက်ယူရသောကြောင့် ရိက္ခာသယ်ဆောင်ရေးမှာ အခက်အခဲရှိကြောင်း ယင်းဒေသခံများက ဆိုသည်။

https://www.facebook.com/dmgnewsagency/posts/2024719207680480

Leave a Reply

Your email address will not be published.