ပလက်ဝတွင် ကုန်စုံဆိုင်ရောင်းနေသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

By Western News/ 2021 May 29

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်နေ အသက် ၂၀ ကျော်အရွယ်အမျိုးသားတစ်ဦးကို ယနေ့ မေလ ၂၉ ရက် နံနက် ၅ နာရီကျော် အချိန်ခန့်တွင် တပ်မတော်သားများကခေါ်ဆောင်သွားသည်ဟု မိသားစုဝင်များကပြောသည်။

ကိုသီဟအောင်နှင့် ယောက်ဖဖြစ်သူ ကို‌မောင်နိုင်နိုင်လင်းတို့မှာ ယနေ့နံနက် ၅ နာရီအချိန်တွင် ပလက်ဝမြို့မ စျေးတွင်ရှိတွင် မိမိတို့၏ ကုန်စုံဆိုင်ကိုရောင်းချရန်ပြင်ဆင်နေစဉ် အနီးအနားတွင် လုံခြုံရေးယူနေသည့်တပ် မတော်သားများကလာရောက်ပြီး ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဖောက်ဖဖြစ်သူ မျက်မြင်မောင်နိုင်နိုင်လင်းက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ ကိုသီဟအောင် ၂၁ နှစ်ဖြစ်ပြီး ၎င်းကို တပ်မ ၅၅ မှတပ်မတော်သားများက ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု ကိုသီဟအောင်၏ ယောက်ဖဖြစ်သူ မောင်နိုင်နိုင်လင်းကပြောသည်။

“ ကျွန်တော်နဲ့ ယောက်ဖက ဆိုင်ဖွင့်နေတာ။ ယောက်ဖကဆိုင်ကပစ္စည်းတွေကို နေရာချနေတယ်။ ကျွန်တော်က ဆိုင်အတွင်းကို ဝင်ပြီးတော့ သော့ယူနေတယ်။ အဲဒီအချိန်မှာ ဆိုင်အနီးမှာလုံခြုံရေးယူနေတဲ့ တပ်မတော်သားတွေကကျွန်တော့်ယောက်ဖကိုဖမ်း ခေါ်သွားကြတယ်။ ဖမ်းခေါ်သွားတဲ့တပ်မတော်သားတွေက တပ်မ ၅၅ က ”ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ကိုသီဟအောင်မှာ ပလက်ဝမြို့မရဲစခန်း၌ ထိန်းသိမ်းခံထားရသော်လည်း၎င်းနှင့် မိသားစုဝင်များကိုတွေ့ခွင့်မပေးသဖြင့် စိုးရိမ်နေကြောင်း ကိုသီဟအောင်၏ ယောက္ခမဖြစ်သူဒေါ်ဝင်းမာအေး ကပြောသည်။

“ အခုကျွန်မသားမက်ကို ရဲစခန်းမှာထိန်းသိမ်းထားတယ်။ သူနဲ့ကျွန်မတို့ကတွေ့ချင်လို့ ရဲစခန်းကိုပြောတော့ တွေ့လို့မရဘူးလို့ ပြောတယ်။ ဘာကြောင့်နဲ့တွေ့လို့မရလည်း မသိဘူး။ ကျွန်မတို့တစ်မိသားစုလုံးစိုးရိမ်နေတယ်။ ကျွန်မသားမက်က ရိုးရိုးသားသား ကုန်စုံဆိုင်ဖွင့်ပြီးတော့ မိသားစုကိုလုပ်ကိုင်ကျွေးမွေးနေတာ။ ဘာအဖွဲ့အစည်းနဲ့လည်း မဆက်သွယ်ဘူး။ အခုလိုကျွန်မသားမက်ကို မသင်ကာဆိုပြီးတော့ ဖမ်းဆီးသွားတာကိုမကျေနပ်ဘူး ”ဟု ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပလက်ဝမြို့မရဲစခန်းမှ စခန်းမှူးက” ကိုသီဟအောင်တော့မသိဘူး။ အခုတော့ ကျွန်တော်ရဲစခန်းမှာမရှိဘူး။ မြို့နယ်မှူးရုံးမှာ မေးတာစမ်းတာတော့ရှိမှာပေါ့ ”ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ပလက်ဝမြို့၊ မြို့မရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တို့တွင် ဗုံးနှစ်လုံးရှေ့ဆင့်နောက်ဆင့်ပေါက်ကွဲမှုဖြစ်ပွားခဲ့နောက် တပ်မတော်သားများက မြို့တွင်းနေရာ အနှံ့အတွင် လုံခြုံရေတင်းတင်းကျပ်ကျပ်ချထားသည်ဟု ဒေသခံများကပြောသည်။

https://www.facebook.com/westernnewsagency/posts/300028425137002

Leave a Reply

Your email address will not be published.