By Development Media Group (DMG)/ 2021 May 28

တောင်ကုတ်မြို့နယ် အနောက်ဘက်ရေမိုင် (၁၃) မိုင်ခန့်အကွာရှိ ပန်းတင်ကျွန်းအနောက်ဘက် အစွန်ဆုံးရှိ အမော်ကျေးရွာတွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ ညပိုင်းအချိန်က ဒီရေတိုက်စားမှုကြောင့် ကျေးရွာအထက်ပိုင်း ပြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ကျေးရွာတွင် အိမ်ထောင်စု ၁၀၀ ကျော်ရှိပြီး ရွာအရှေ့နှင့် အနောက်ကို ဆက်သွယ်ထားသည့်လမ်းမှာ ဒီရေကြောင့် ကျိုးပြတ်သွားသည့်အတွက် ဒေသခံများအဖို့ အခက်အခဲကြုံတွေ့နေရသည်ဟု ပန်းတင်ကျွန်းဒေသခံ ကိုချစ်ကျော်က DMG သို့ ပြောသည်။
“အခုပြတ်သွားတဲ့ ရွာရဲ့အနောက်ဘက်ခြမ်းမှာ အိမ်ခြေ ၃၀ ကျော်၊ လူဦးရေ ၁၀၀ လောက် ရှိနေတယ်။ ပြီးတော့ အဲဒီဘက်အခြမ်းမှာ ရွာရဲ့သုဿာန်လည်း ရှိနေတယ်။ အရှေ့ဘက်အခြမ်းမှာကျတော့ ဆေးခန်းတို့ စာသင်ကျောင်းတို့ ရှိနေတယ်။ ဒီတော့ ဒီကလူတွေမှာ ကျန်းမာရေးကိစ္စမှာဆိုရင် သွားရေးလာရေးအတွက် လုံးဝအခက်တွေ့နေကြတယ်။ ကျောင်းတွေဖွင့်ရင်တောင် ကျောင်းတက်ဖို့ အခက်ခဲရှိနေကြတယ်” ဟု သူကဆိုသည်။
ရေတိုက်စားမှုကြောင့် အနံ ၁၅ ပေခန့်နှင့် အလျှားပေ ၄၀ ခန့် ရှိသည့် ချောင်းငယ်တစ်ခုဖြစ်ပေါ်နေပြီး ရေတက်လာလျှင် လှေဖြင့်ကူးသန်းသွားလာရကာ ရေကျချိန်ဆို ကျွန်းထိပ်မှပတ်ကာ ဒူးအထိမြုပ်သည့် ရွှံ့ကို ဖြတ်သန်းသွားလာနေရကြောင်း အမော်ကျေးရွာဒေသခံ မနွယ်နွယ်သန်းက ပြောသည်။
“လွယ်လွယ်ကူကူတော့ သွားလို့မရဘူးပေါ့၊ ရေကျချိန်ဆို ရွှံ့ထဲကပဲ ခက်ခက်ခဲခဲ သွားနေကြရတယ်။ ဒီတော့ တာဝန်ရှိသူတွေ အနေနဲ့ နဂိုလမ်းအတိုင်းဖြစ်အောင် တာဘောင်တွေဆည်ပေးစေချင်တယ်။ တာဘောင်တွေ မဆည်နိုင်သေးရင်တောင် တံတားလေးတစ်ခုလောက်တော့ လုပ်ပေးစေချင်ပါတယ်” ဟု သူကဆိုသည်။
ယခုကျိုးပေါက်သွားသည့်နေရာအား ပြန်လည်တည်ဆောက်မည်ဆိုပါကလည်း ရေရှည်တွင် အဆင်ပြေနိုင်မည် မဟုတ်ကြောင်းနှင့် ကျွန်းတစ်ခုလုံးအားကမ်းထိမ်းနံရံ တည်ဆောက်မှသာ ရေရှည်တွင် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ကိုချစ်ကျော်က ပြောသည်။
“ဒီရွာက ဘင်္ဂလားပင်လယ်အစပ်မှာ ရှိနေတာဖြစ်တယ်။ ဒီတော့ ဒီရေတက်လာတိုင်း လှိုင်းရိုက်တဲ့ဒဏ်ကို ခံရတယ်။ လွန်ခဲ့တဲ့ နှစ် (၂၀)က ရွာမှာစီးနေတဲ့ အမော်ချောင်းဟာ ဘင်္ဂလားပင်လယ်နဲ့ တော်တော်ဝေးဝေးမှာ ရှိနေပေမယ့် ကမ်းပါးတွေ ဆက်တိုက်ပြိုလာတာကြောင့် အခုဆိုရင် နှစ်ဖာလုံသုံးဖာလုံလောက်ပဲ ကွာတော့တယ်” ဟု သူကဆိုသည်။
မေလ ၂၆ ရက်နေ့က ထိုဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် မေလ ၂၇ ရက်နေ့တွင် မြို့နယ်စစ်ကောင်စီနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေ့လည် နှစ်နာရီခန့်တွင် သွားရောက်ကွင်းဆင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း လည်းသိရသည်။
အဆိုပါဖြစ်စဉ်အပြည့်အစုံအား ခရိုင်စစ်ကောင်စီသို့ တင်ပြထားကြောင်း တောင်ကုတ်မြို့နယ်စစ်ကောင်စီ၊ ဒုစီမံအုပ်ချုပ်ရေးမှူး ကိုထွီးခိုင်က ပြောသည်။
“ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးတာတွေလုပ်ခဲ့တယ်။ အဲ့ဒီမှာ ပင်လယ်ရေတွေကျော်နေတဲ့ဟာကို ထပ်ပြီးမဖြစ်ရအောင် ပျက်စီးသွားတဲ့ အတိုင်းအတာမှာ ဆည်တွေ၊ တာတမံတွေပတ်ပေးမှာပေါ့။ ဒါတွေ လုပ်ဆောင်ပေးနိုင်ဖို့အတွက် ခရိုင်ကိုတင်ပြထားပါတယ်။ လတ်တလော သွားလာရေးအတွက်ကတော့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို အပေါ်ကညွှန်ကြားချက်အတိုင်းဆက်လုပ်သွားမှာပါ” ဟု သူကဆိုသည်။
ပန်းတင်ကျွန်းမှာ ဘင်္ဂလားပင်လယ်အော်နှင့် ဆက်စပ်နေသည့် ကျွန်းတစ်ခုဖြစ်ပြီး ဧရိယာစတုရန်းမိုင် ၃၅ မိုင်ရှိကာ ကျေးရွာ ၁၂ ရွာ၊ အိမ်ခြေ (၁၀၀၀) ကျော်၊ လူဦးရေ (၅၀၀၀) ကျော် အခြေချနေထိုင်လျှက်ရှိသော ကျွန်းတစ်ခုဖြစ်ပြီး နှစ်စဉ်ဒီရေမြင့်တက်သည့်ဒဏ်ကို ကြုံတွေ့နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ယာစ် YYAS ကြောင့် ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်စခန်းများတွင် တဲအိမ် ၂၀၀ ကျော် ပျက်စီးကာ လူဦးရေ တစ်ထောင်ကျော် နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေသည်ဟု စခန်းတာဝန်ရှိသူများထံမှ သိရသည်။
https://www.facebook.com/dmgnewsagency/posts/2024710387681362