တောတောင်များတွင် မိုင်းရှင်းလင်းမှုမရှိ၍ ဒေသခံများသေဆုံး၊ ဒဏ်ရာရမှုများပြားလာ၊ မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးရန် ဒေသခံများတောင်းဆို

By Western News/ 2021 May 4

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ပ လက်ဝမြို့နယ်တို့၌ ပြည်သူများမှာမကြာခဏဆိုသလို မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ၏ ပေါက်ကွဲမှု ကြောင့် အရပ်သားများ သေဆုံးမှု၊ ဒဏ်ရာရမှုများပြားလာနေသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်ကမိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပြီး အမ်း-စစ်တွေ ကားလမ်းမကြီးနှင့် ရသေ့တာင် အငူမော်ကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းရေး လုပ်ဆောင်ရွက်ခဲ့သည်။

တပ်မတော်အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကားလမ်းမအပြင် တောင်တောင်များ ကိုလည်း ရှင်းလင်းပေးမှသာ မိမိတို့အနေဖြင့်နေရပ်သို့ ပြန်သွားနိုင်မည်ဖြစ်သည်ဟု စစ်ဘေးရှောင်အများစုက ပြောဆိုနေကြသည်။ သို့သော်လည်းတပ်မတော် အနေဖြင့်တောတောင်များကို မိုင်းရှင်းလင်းရန်အစီစဉ်မရှိကြောင်း မတ်လ ၆ ရက်နေ့က ဗိုလ်မှူးကြီး မင်းသန့်ကပြောဆိုခဲ့သည်။

ယမန်နေ့ မတ်လ ၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ပိန္နဲတောကျေးရွာနေ ဦးခင်မောင်အေးမှာ မိမိတို့ကျေးရွာ အနီးရှိ ဆင်အင်းတောင်ပေါ်သို့ ထင်းခုတ်ရန်သွားစဉ်မိုင်းနင်းမိကာပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ယင်းနေရာ၌ပင် သေဆုံးသွားခဲ့ရသည်။

ယင်းအပြင် ပလက်ဝမြို့နယ်၊ လောင်းကဒူးကျေးရွာနေ ဦးအောင်မြင့်မြတ်မှာ ဧပြီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျေးရွာအနီးရှိတောင်ပေါ်သို့ ဝါးခုတ်ရန်သွားစဉ်မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက်တစ်ဖက်ဖြတ်လိုက်ရသည်။

ပြီးခဲ့သည့်ဧပြီလ ၄ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာနေ ဒေါ်အေးအေးသိန်းနေအိမ် ခြံဝန်းထဲ၌ စစ်ကျန်လက်နက်ပေါက်ကွဲမှု ဖြစ်ပွားရာ မိခင်အပါအဝင် သားအမိ ၃ ဦးသေဆုံးခဲ့ပြီး နောက်ထပ် သားတစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

ယင်းအပြင်ဧပြီလ ၈ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ(မွတ်ဆလင်)ကျေးအနီးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် မိန်းကလေး ၄ ဦးနှင့် ယောကျ်ားကလေး ၂ ဦး၊ စုစုပေါင်း ၆ ဦးဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှု ၇ ကြိမ် အထိရှိခဲ့သဖြင့် ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦးသေဆုံးသွားပြီး ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယင်းအထဲတွင် အမ်းမြို့နယ်မှတပ်မတော်သားတစ်ဦးလည်းပါဝင်သည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်မြို့နယ်များမှာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ အမ်း၊ ဘူးသီးတောင်၊ မြေပုံ နှင့် ပလက်ဝမြို့နယ်တို့ဖြစ်သည်။ ယင်းကဲ့သို့မှိုင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ဒေသတွင်းနေထိုင်နေကြသည့် ဒေသခံများအနေဖြင့် စိုးရိမ်ကြောင့်ကြမှုများဖြစ်နေကြသည်။

ဒေသခံများအနေဖြင့် လုပ်ကိုင်စားသောက်ရသည့်ပိုင်းတွင်လည်း အခက်အခဲများရှိနေကြောင်း တာဝန်ရှိသူများအနေဖြင့် အမှန်တကယ်မိုင်းပေါက်ကွဲမှုရှိသောနေရာများတွင် မိုင်းရှင်းလင်းရေးကိုပြုလုပ်စေလို ကြောင်း အမ်းဒေသခံတစ်ဦးဖြစ်သည့် ကိုမျိုးလွင်မှဆိုသည်။

“မိုင်းမပေါက်တဲ့လမ်းဘေးတွေမှာပဲ မိုင်းရှင်းနေတာထက် အမှန်တကယ်မိုင်းပေါက်ကွဲတဲ့နေရာတွေမှာ ရှင်းပေးစေချင်ပါတယ်။ ခုလိုမိုင်းပေါက်ကွဲမှုတွေဖြစ်နေတော့ ဒေသခံတွေအနေနဲ့က စိုးရိမ်မှုတွေနဲ့ နေထိုင်နေရတယ်။ ပြီးတော့ မိုင်းအန္တရာယ်ကြောက်လို့ တောတောင်ထဲမှာရှိတဲ့ ဥယျာဉ်ခြံ‌တွေကိုမသွားရဲတော့ လုပ်ကိုင်စားသောက်ရတာတွေ တော်တော်အခက်ခဲဖြစ်ပါတယ်” ဟုပြောသည်။

ယင်းအပြင် မိုင်းအန္တရာယ်ကြောက်၍ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်း၌ သာခိုလှုံ့နေရသည့် ပလက်ဝမြို့ နယ် ရုပ်ဝဒေသခံတစ်ဦးဖြစ်သူကလည်း တာဝန်ရှိသူများအနေ ဖြင့်မိုင်းရှင်းလင်းရေးကို ထိရောက်စွာ လုပ်ဆောင်ပေး ပြီး ဒေသခံများအားကူညီပေးစေလိုကြောင်း၊ မြေမြုပ်မိုင်းများရှိနေခြင်းကြောင့် ရွာသို့ပြန်ရန်မှာ အခက်အခဲဖြစ်နေရ ကြောင်းပြောသည်။

“မိုင်းပေါက်ကွဲမှုတွေဖြစ်နေတော့ စိုးရိမ်တယ်။ မိုင်းတွေမဖော်ရသေးတာ့ ရွာပြန်ဖို့ဆိုတာလည်းမဖြစ်နိုင်သေးဘူး။ ဒါကြောင့်တာဝန်ရှိတဲ့လူတွေကို မိုင်းရှင်းပေးပါလို့ အကူညီတောင်းချင်ပါတယ်။”ဟုဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှုးကြီးမင်းသန့်ကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ရခိုင်တွင်၂ နှစ်တာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သား သေဆုံးသူ ၄၄ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၈ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC)၏ မှတ်တမ်းများအရသိရသည်။

https://www.facebook.com/westernnewsagency/posts/283551303451381

Leave a Reply

Your email address will not be published.