By Development Media Group (DMG)/ 2021 May 22

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲကာလအတွင်း ရွာလုံးကျွတ် မီးလောင်ကျွမ်းသွားခဲ့သည့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ကြက်ဥဝကျေးရွာမှ နေအိမ်များကို ပြန်လည်ဆောက်နေကြောင်း ရွာသားများထံမှ သိရသည်။
လက်ရှိမှာ နေအိမ် ၃၃ လုံးကို တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် အလျား ၁၈ ပေ၊ အနံ ပေ ၁၈၊ သွပ်မိုး သွပ်ကာ ပျဉ်ခင်းတို့ဖြင့် နတလနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တည်ဆောက်ပေးနေခြင်းဖြစ်သည်။
ယင်းဦးစီးဌာနမှ ကန်ထရိုက်ပေး ဆောက်လုပ်နေခြင်းနှင့် ၂၀၂၁ ခုနှစ်၊ ဧပြီလကစတင်ကာ ဆောက်လုပ်နေခြင်း ဖြစ်သည်။
ကြက်ဥဝကျေးရွာသား ဦးစံကျော်က “ နတလနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တို့က ဆောက်လုပ်ပေးနေတာပါ။ အခုက အမိုးမိုးပြီးရုံလောက်ပဲရှိတာ။ အခင်းမခင်းရသေးတဲ့ အိမ်တွေလည်း ရှိသေးတယ်။ သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ အိမ်ဆိုပေမဲ့ သစ်က အရမ်းညံ့လွန်းတယ်။ ” ဟု ဆိုသည်။
ယင်းကျေးရွာတွင် အိမ်ခြေ ၅၂ လုံး ရှိသည့်အနက် လက်ရှိတွင် နတလမှ နေအိမ် ၁၈ လုံးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၇ လုံးဆောက်လုပ်ပေးမည်ဖြစ်ပြီး ကျန်နေအိမ်များကို မည်သည့်အချိန်တွင် ပြန်လည်ဆောက်လုပ်ပေးမည်ကို မသိရေသေးကြောင်း ရွာသားများက ပြောသည်။
ယခု ဆောက်လုပ်နေသည့် နေအိမ်များမှာ ပျဉ်ကြမ်းများဖြင့် ဆောက်လုပ်ပေးထား၍ မိုးရာသီတွင် ပျက်စီးနိုင်ကြောင်း ကြက်ဥဝဒေသခံ ဦးမောင်မြင့်ဦးက ပြောသည်။
“ အိမ်ဆောက်လို့တောင် မပြီးသေးဘူး။ သစ်တွေမှာ အကုန်လုံးပိုးထိုးနေပြီ။ သစ်တွေက အကုန်လုံးတာရှည်ခံမှာ မဟုတ်ဘူး။ နေရင်းနေရင်းနဲ့ အခင်းတွေကျိုးကျပြီး မြေကိုရောက်သွားနိုင်တယ်။ ကျနော်တို့ ပြောချင်တာက အိမ်တွေ ဆောက်လုပ်ပေးတယ်ဆိုရင်လည်း ကြာရှည်ခံနေလို့ရအောင် ဒေသထွက်သစ်တွေနဲ့ ဆောက်ပေးစေချင်ပါတယ်။ ” ဟုဆိုသည်။

ဒေသခံများအတွက် နေအိမ်များဆောက်လုပ်ပေးထားသော်လည်း ၎င်းတို့ကျေးရွာအနီးနှင့် တောတောင်များတွင် မိုင်းရှင်းလင်းခြင်းမလုပ်သေး၍ ယခုနှစ်မိုးရာသီတွင် လုပ်ကိုင်စားသောက်ရန် မိုင်းအန္တရာယ်ကို စိုးရိမ်နေကြောင်း ဦးမောင်မြင့်ဦးကပြောသည်။
ထို့ကြောင့် မိမိနေအိမ်များကို ပြန်သွားသည့်အခါ သက်ဆိုင်ရာဌာနများ၊ ပြည်နယ်ကောင်စီ၊ နိုင်ငံတော်ကောင်စီတို့မှ စားဝတ်နေရေးအဆင်ပြေရန် ကူညီထောက်ပံ့ပေးရေး လိုအပ်သည်ဟု ဒေသခံများက တောင်းဆိုကြသည်။
မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ခဲ့၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေစဉ် ၂၀၂၀ ခုနှစ်၊ ဧပြီ ၁၈ ရက်နေ့က ကြက်ဥဝကျေးရွာမှာ ရွာလုံးကျွတ်မီးလောင်သွားခဲ့ခြင်းဖြစ်သည်။
ပလက်ဝမြို့နယ်တွင် တိုက်ပွဲကာလ မီးလောင်းသွားသည့်ကျေးရွာများမှာ ကြက်ဥဝကျေးရွာ အပါအဝင် မီးလက်ဝအောက်၊ သမန်းသားကျေး၊ သိမ်းသင်းကျေး၊ မောင်မောင်၊ ဝက်မကျေး၊ ပြိုင်တံကျေး၊ လိပ်ခေါင်းကျေး၊ စက်ပူးတောင်ကျေး၊ မိစ္ဆာကျေး စသည့်ကျေးရွာတို့တွင် မီးလောင်မှုများကြောင့် နေအိမ်များ အများအပြားဆုံးရှုံးခဲ့ရသည်။
https://www.facebook.com/dmgnewsagency/posts/2020557068096694