By Western News/ 2021 May 1
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြား ၂ ဖက်တိုက်ပွဲတို့ကြောင့် ဈေးနှုန်းများထိုးကျသွားခဲ့သည့် ကွမ်းသီးဈေးနှုန်းမှာ ယခုနှစ်မှသာ ဈေကောင်းများပြန်လည်ရရှိလာကြောင်း ကွမ်းသီးလုပ်ငန်း ရှင်များက ပြောသည်။
တိုက်ပွဲမဖြစ်ပွားမီ ကွမ်းသီး ၂၅ ပိဿာ (တမောင်း ရခိုင်အခေါ်အဝေါ်) ကို ၂ သိန်းကျော်ထိဈေးနှုန်းရှိခဲ့ရာမှ ၆ သောင်းကျပ်ထိ ဈေး နှုန်းထိုးကျသွားခဲ့ပြီး ယခင်နှစ်မှ စတင်ကာ ဈေးနှုန်းများအနည်းငယ်စီပြန်လည်ကောင်း မွန်လာကြောင်း ကွမ်း သီးခြံလုပ်ငန်ရှင်များက ပြောသည်။
ဈေးနှုန်းထိုးကျနေရာမှ ယခင်နှစ်က ကွမ်းသီး ၂၅ ပိဿာ(တစ်မောင်း) လျှင် ၁၀၀၀၀၀ ကျပ်မှ ၁၃၀၀၀၀ ကျပ် ထိသာရရှိလာ ခဲ့ပြီး ယခုနှစ်တွင် ၂၅ ပိဿာကို ၁၅၀၀၀၀ ကျပ်ဈေးကောင်းရရှိလျက်ရှိကြောင်း ကွမ်းသီး ခြံပိုင်ရှင်များက ပြောသည်။
ကွမ်းသီးထွက်နှုန်းများမှာလည်း အထွက်နှုန်းကောင်းလျှင် ဝ.၈ ဧကတွင် ပိဿာ (၅၀၀) နီးပါးထိရရှိပြီး အထွက်နှုန်း မကောင်းပါက ၀.၈ ဧကလျှင်( ၄၂၅) ပိဿာ ခန့်ရရှိကြောင်း မြောက်ဦးမြို့နယ် လေးမြို့စား ကျေးရွာမှ ကွမ်းသီးခြံလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးဖြစ်သည့် ဒေါ်အေးနုစိန်ကပြောသည်။
“တိုက်ပွဲတွေမဖြစ်တုန်းက ဈေးက ၂၅ ပိဿာ(တစ်မောင်း) ကို ၂ သိန်းနဲ့ ၃ သောင်းထိရနေပြီး တိုက်ပွဲလည်း ဖြစ်ရောဈေးက ၂ သိန်းကျော်ကနေ ၂၅ ပိဿာကို ၅ သောင်း ၊ ၆ သောင်းပဲရတော့တဲ့ အထိဈေးကျသွားတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး တော့ဈေးက နည်းနည်းပိုကောင်းလာတယ်။ မနှစ်က ၁သိန်း ၃ သောင်းထိ ရခဲ့တယ်။ ဒီနှစ် တော့ ၁ သိန်း ခွဲရနေပြီ”ဟုပြောသည်။
၎င်းတို့တွင် ကွမ်းသီးခြံမှာ ၇.၂ ဧက ထိရှိကာ အထွက်နှုန်းကောင်းပါက တစ်နှစ်ကို (ပိဿာ ၄၅၀၀) ထိရရှိပြီး အထွက်နှုန်း မကောင်းပါက (ပိဿာ ၄၂၅၀) ခန့်ရရှိကြောင်းလည်းသိရသည်။ နှစ်စဉ်ရရှိသောကွမ်းသီးများကို ပြည်မဖက်သို့ တင်ပို့ခြင်း မရှိဘဲ ပြည်တွင်း ကုန်သည်များက လာရောက်၍ မောင်းလိုက်ဝယ်ယူကြ ကြောင်း ၎င်းကဆက်ပြောသည်။
ကွမ်းသီးတောလုပ်ကိုင်သူများထံမှ ပိဿာ ရာချီလိုက်သွားရောက်ဝယ်ယူပြီး စစ်တွေ၊ မြောက်ဦးစသည့် မြို့နယ်များမှ ကုန်စုံဆိုင်များကို အဓီကရောင်းချကြောင်း ကွမ်းသီးကုန်သည် တစ်ဦးဖြစ်သူမဦးသန်းကြိုင်ကပြောသည်။
“ကျွန်မတို့ ကွမ်းသီးခြံပိုင်ရှင်တွေဆီကနေပြီး ကွမ်းသီးတွေ ဝယ်ပြီးတော့ စစ်တွေ၊ မြောက်ဦးပြီးတော့ ကမ်းထောင်းကြီးဖက်က ကုန်ဆုံဆိုင်ပိုင်ရှင်တွေကိုရောင်းတာပေါ့။ တစ်လကို ပိဿာ ၇၅၀ လောက်တော့ရောင်းရပါတယ်။ ကျွန်မတို့ ဝယ်တဲ့အခါ (၂၅) ပိဿာ ကို ကို ၁ သိန်းခွဲနဲ့ဝယ်တယ်။ ပြန်ရောင်းတဲ့အခါ ၁သိန်း၅သောင်းခွဲ ၁သိန်း ၆ သောင်းထိရတာပေါ့။ အမြတ်ကတော့ တစ်လကို ၅ သိန်းကျော်လောက်ရှိပါတယ်”ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် ကွမ်းသီးခြံလုပ်ငန်းကို မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင်အဓိက လုပ်ကိုင်ကြပြီး မြောက်ဦးမြို့နယ်တွင် မြောင်းဘွေ၊ လေးမြို့စားကျေးရွာ၊ အထုတ်သည်မ၊ ဘော်ရွာဈေး၊ မဟာထီး၊လက်ပံတော၊ ကျွဲတဲ၊ ခဲမောင်းတက် စသည့်ကျေးရွာများနှင့် မင်းပြားမြို့နယ်တွင် နားဒင်၊ ၊ကြက်မတည်၊ ကံရွာ၊ ခေါင်းလောင်း၊ ငါးခူတောင်၊ ပါးတော်စသည့်ကျေးရွာများတွင် အများဆုံး လုပ်ကိုင် ကြကြောင်းသိရသည်။
https://www.facebook.com/westernnewsagency/posts/281517960321382