By Western News/ 2021 May 28
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဖူကူယာမအထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင်ရင်း လက်လေးချောင်း ပြတ်ထွက်သွားသည့် ရခိုင်အမျိုးသမီးငယ်မှာ သက်ဆိုင်ရာစက်ရုံတာဝန်ရှိသူများကို လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိမှုအားတာဝန်ယူဖြေရှင်းပေးရန် တင်ပြထားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိလျှင် တရားဥပဒေအရဖြေရှင်းသွားမည်ဟု ကာယကံရှင်ဖြစ်သူက ပြောသည်။
လက်လေးချောင်းပြတ်ထွက်သွားသည့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ရပ်ကွက်မှ မဦးမေဝင်းမှာ ပြီးခဲ့သည့် မတ်လ ၃၀ ရက်က စက်ရုံတွင်အလုပ်လုပ်ကိုင်နေစဉ် အလုပ်ကြီးကြပ်သူမှ သူမ၏မူလတာဝန် အလုပ်မဟုတ်သည့် အခြားအလုပ်တစ်ခုကို ကူညီလုပ်ကိုင်ခိုင်းရာမှ လိုက်တင်ကပ်သည့်စက်အတွင်းသို့ ယာဖက်လက်ဝင်ရောက်ကာ ပြတ်ထွက်သွားခဲ့ခြင်းဖြစ်ဖြစ်သည်။
စက်ရုံတာဝန်ရှိသူများက သူမအား ယခုမေလကုန်ထိစောင့်ဆိုင်းရန်ပြောဆိုထားပြီး တစ်စုံတစ်ရာမဖြေရှင်းပေးလျှင် တရားဥပဒေအရ ရင်ဆိုင်သွားရန်စဉ်းစားထားကြောင်း လက်ပြတ်သွားသည့်အမျိုးသမီးငယ်ဖြစ်သည့်မဦးမေဝင်းက Western News ကိုပြောသည်။
“သူတို့ဖက်က ဘာမှလုပ်မပေးဘူးဆိုရင်တရားဥပဒေအရဖြေရှင်းသွားဖို့စဉ်းစားထားတယ်။ သူတို့ကတော့ ဒီမေလကုန်ထိ စောင့်ပေးဖို့ ပြောထားတာတော့ရှိတယ်။ လကုန်လို့ဘာမှထူးခြားမလာဘူးဆိုင်တော့ ကျွန်မအနေနဲ့ တရားဥပဒေအရ ဖြေရှင်းသွားမယ်” ဟုပြောသည်။
နစ်နာသည့်အမျိုးသမီးငယ်မှ ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံလာသည့်အတွက် ရခိုင်အမျိုးသားကွန်ရက်နှင့် စက်ရုံတာဝန် ရှိသူများနှင့် ညှိနှိုင်းခဲ့သော်လည်း ထူးခြားမှုမရှိသည့်အတွက် တရားဥပဒေအရရင်ဆိုင်သွားရန်စီစဉ်နေကြောင်း ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ကိုတင်ထူးအောင်ကပြောသည်။
“နစ်နာတဲ့ မိန်းကလေးငယ်ဖက်က အကူအညီတောင်းခံလာတဲ့အတွက် စက်ရုံတာဝန်ရှိသူတွေနဲ့ကျွန်တော်တို့ သွားရောက်ညှိနှိုင်းခဲ့တာ ရှိတယ်။ ဒါပေမယ့် စက်ရုံဖက်ကတုန့်ပြန်မှုအားနည်းတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာလည်း ထိရောက်မှုမရှိဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဆက်လုပ်စရာရှိတာတွေကို ဆက်လုပ်သွားဖို့အတွက် တရားဥပဒေအရ ရင်ဆိုင်ဖို့ပြင်ဆင်ရခြင်း ဖြစ်တယ်”ဟုပြောသည်။
ဆက်လက်၍လည်း စက်ရုံတာဝန်ရှိသူများနှင့်တာမွေအလုပ်သမားဆေးရုံတွင် လာမည့်ဇွန်လ ၆ ရက်နေ့တွင် တွေ့ဆုံရန်ချိန်းဆိုထားပြီး တွေ့ဆုံမှု၏ ရလဒ်အပေါ်မူတည်၍ အမှုတွဲများပြင်ဆင်ပြီးလျှင်တရားစွဲသွားမည်ဟု ကိုတင်ထူးအောင်ကဆက်ပြောသည်။
မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၁၂ ခုနှစ်တွင်ပြဌာန်းခဲ့သောလူမှုဖုံလုံရေးဥပဒေအရ လုပ်ငန်းခွင်ဖြင့် ဆက်စပ်၍ အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲမသန်စွမ်းဖြစ်သူများအတွက် ဥပဒေပုဒ်မ ၅၈၊ ဥပဒေပုဒ်မ ၆၂(က)၊ ဥပဒေပုဒ်မ ၆၉၊ နည်းဥပဒေ ၂၀၀ တို့နှင့်အညီ နစ်နာသူ၏အကျိုးခံစားခွင့်ကို အလုပ်ရှင်မှကျခံရမည်ဟုပါရှိသည်။
https://www.facebook.com/westernnewsagency/posts/299500265189818