By RFA/ 2021 May 3
ရဲစည်သူကာ(ဝါရှင်တန်ဒီစီ)
■ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တင်းမကျေးရွာကစစ်ဘေးဒုက္ခသည်တွေဟာ နေရပ်ကိုပြန်ဖို့အတွက် မိုင်းအန္တရာယ်တွေ၊ အိမ်တွေမီးလောင်ခဲ့လို့ နေစရာမရှိတာတွေ ပျောက်ဆုံးသွားတဲ့ ရွာသား ၁၈ ဦး ကိစ္စတွေအတွက် ဖြေရှင်းဆောင်ရွက်ပေးဖို့ကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီထံ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ က စာတင်ပြီးတောင်းဆိုလိုက်တယ်လို့ ကျေးရွာသားတွေက RFA ကို ပြောပါတယ်။
ကျေးရွာသားတွေရဲ့ သဘောဆန္ဒအတိုင်း အချက်ငါးချက်ကို တောင်းဆိုဖို့ ကိုယ်တိုင်သွားရောက်ပြီး တင်ပြလိုက်တာလို့ တင်းမကျေးရွာ ဆရာတော် ဦးဝါယမိန္ဒက RFA ကိုပြောပါတယ်။
“ပြည်နယ်ကောင်စီကိုတော့ စာတင်ထားတယ်။ ကိုယ်တိုင်ကိုယ်ကျလည်း သွားပြီးတော့ တွေ့ထားတယ်ပေါ့။ ရွာသူရွာသားတွေက အချက်ငါးချက်တောင်းဆိုတယ်။ အဲဒီငါးချက်ကို စီမံအုပ်ချုပ်ရေးကောင်စီကို တင်ပြတာပေါ့။ မိုင်းရှင်းလင်းစေချင်တာပေ့ါ။ နောက်ပြီးတော့ ပျက်စီးနေတဲ့နေအိမ်တွေကိုလည်း ပြန်ပြီးတော့ ဆောက်လုပ်ပေးစေချင်တယ်။ ဆောက်လုပ်မပေးနိုင်ဘူး ဆိုလို့ရှိရင်လည်း နစ်နာကြေးတွေ ပေးကမ်းစေချင်တာပေ့ါ။ ဖမ်းဆီးခံသွားတဲ့ တင်းမကြီးက ၁၀ ယောက်၊ တင်းမသစ်က ၈ ယောက် အဲဒါကိုလည်း မိသားစုတွေ စိတ်ကျေနပ်အောင် လုပ်ပေးစေချင်တာပေါ့။ နောက်ပြီးတော့ ကျေးရွာအနားမှာတပ်စွဲထားတဲ့ တပ်မတော်သားတွေကို အဲဒီ အနီး အနားမှာမရှိစေချင်ဘူး။ ဦးပဇင်းတို့အဲဒီအချက် ၅ ချက်ကိုတောင်းဆိုထားပါ”
အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ တင်းမကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လကတည်းက ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာပါ။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က အဲဒီတင်းမကျေးရွာကို သွားကြည့်တဲ့အခါမှာတော့ လူနေအိမ် ၁၃၂ လုံးမီးလောင် ပြာကျသွားပြီးဖြစ်သလို တခြား နေအိမ် ၉၃ လုံးမှာလည်း ပျက်စီးသွားပြီလို့ အဲဒီဦးပဇင်းက မိန့်ပါတယ်။
ကျောက်တော်မြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ တင်းမကြီးကျေးရွာက ဒေါ်မဆန်းသိန်းကတော့ ရွာကိုအမြန်ဆုံး ပြန်ချင်ပေမယ့် နေစရာ မရှိသေးသလို ရွာနားမှာ စစ်သားတွေ ရှိနေသေးလို့ မပြန်ရဲဘူးလို့ ပြောပါ တယ်။အိမ်တွေမှမရှိတော့တာ ဘယ်လိုလုပ်ပြီးသွားရမလဲ။ ရွာအနီးက တောင်နားမှာ စစ်သားတွေလည်း ရှိသေးတယ်။ ရွာကိုမြန်မြန်တော့ ပြန်ချင်တယ်။ ဒါပေမယ့် စစ်သားတွေ ရှိရင်လည်း အန်တီတို့မသွားရဲဘူး။ ကြောက်တယ်။ စစ်သားတစ်ယောက် ရှိရင်လည်းမသွားရဲဘူး”
ပျောက်ဆုံးသွားတဲ့ ရွာသား ၁၈ ဦး ကိစ္စကလည်း အခုအချိန်အထိ သတင်းအစအန မရသေးဘူးလို့ တင်းမရွာသား ၁၈ ဦးကိစ္စ စုံစမ်းရေးအဖွဲ့ဝင် ဦးထွန်းသိန်းက RFA ကို ပြောပါတယ်။
“လူ ၁၈ ဦးပျောက်ဆုံးနေတဲ့ကိစ္စတွေက ကျွန်တော်တို့ကိုယ်တိုင် အမှုတွေ ဘယ်ကပေါ်လာမလဲလို့ ထောက်ထားကြည့်တာပေါ့။ ဒါပေမယ့် အခုကတော့ ဘယ်လိုမှအစအနမရတော့ဘူး။ နောက်ပြီးတော့ ကျောင်းမှာ ကျန်လိုက်တဲ့ သုံးယောက်ကလည်း အခုသွားကြည့်တဲ့အခါမှာ သူတို့သုံးယောက်တောင် ရှာမတွေ့တော့ဘူး”
ကျောက်တော်မြို့နယ် တင်းမရွာသစ်က ကျေးရွာသား ရှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့နဲ့ တင်းမကြီးရွာက ကျေးရွာသား ၁၀ ဦးကို မတ်လ ၁၆ ရက်နေ့တွေမှာ မြန်မာစစ်တပ်က ရွာထဲကနေ အသီးသီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
တင်းမကြီးကျေးရွာကနေ ဖမ်းဆီးခံခဲ့ရတဲ့ လူ ၁၀ ဦးထဲက အသက် ၄၀ ကျော်အရွယ် ဦးမောင်ဝင်းကို ကိုတော့ ဖမ်းဆီးခံရပြီး နောက်နေ့ မတ်လ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှာ ကုလားတန်မြစ်ထဲအတွင်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ကျေးရွာသားတွေက တွေ့ရှိခဲ့ပါတယ်။
ဒီကိစ္စအပေါ်မှာလည်း မြန်မာစစ်တပ်က တစုံတရာ တုံ့ပြန်တာမရှိခဲ့ပါဘူး။
အဲဒီလို မြန်မာစစ်တပ်က ဖမ်းသွားတဲ့ တင်းမရွာသား ၁၈ ဦးကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ မိသားစုဝင်တွေနဲ့ ကျေးရွာလူကြီးအချို့ကို အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးခဲ့ပြီး အခုအချိန်ထိ တစ်စုံတရာထူးခြားတာမရှိသေးဘူးလို့လည်း ဦးထွန်းသိန်းက ဆိုပါတယ်။
ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းဝင်းကတော့ သက်ဆိုင်ရာဌာနတွေအနေနဲ့ တင်းမကျေးရွာသားတွေ ရွာပြန်ပြီး ဘဝထူထောင်းရေးအတွက် အမြန်ဆုံးအကူအညီပေးဖို့ တိုက်တွန်းတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့စာရင်းတွေအရတော့ မီးလောင်သွားတဲ့နေအိမ်တွေက တစ်ရာကျော်ပေါ့လေ။ ပျက်စီးသွားတာနဲ့ ဆိုရင် နှစ်ရာလောက်တော့ ကျွန်တော်တို့ စာရင်းရတယ်။ တချို့အိမ်တွေကလည်း ဒီအတိုင်းတက်နေလို့ မရတာ ကျွန်တော်တို့တွေ့တယ်။ ဒါလည်းတွေကိုလည်း ပြန်လုပ်ပေးဖို့ လိုတာပေ့ါ။ အခုက ရွာသားတွေကလည်း ဘာမှအလုပ်အကိုင် မရှိနဲ့။ ရှိတဲ့ဟာတွေကို အကုန်လုံးစွန့်ပြီးတော့ လာခဲ့ကြတဲ့သူတွေဆိုတော့ စစ်ဘေးဒုက္ခသည်စခန်းမှာ သူများထောက်ပံ့မှုတွေနဲ့ပဲ ရပ်တည်နေရတဲ့ သူတွေဆိုတော့ သူတို့ဘဝကို သူတို့ ပြန်လည်တည်ဆောက်ဖို့ကတော့ လွယ်တဲ့ကိစ္စတစ်ခုတော့ မဟုတ်ဘူး။ အထူးသဖြင့် စားဝတ်နေရေးပိုင်းကိုတော့ အတိုင်းအတာတစ်ခုအထိ တာဝန်ယူစောင့်ရှောက်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့လည်း သူတို့ကိုရွာပြန်ပြီးတော့ မိသားစုတွေစုစုရုံးရုံး စည်စည်ကားကားနဲ့ မြင်ချင်ပါတယ်။ ဒါတွေကို သက်ဆိုင်ရာတွေက ဝိုင်းဝန်းပြီးတော့ စဉ်းစားပေးကြပါ။ ဝိုင်းဝန်း ကူညီပေးကြပါလို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်တယ်”
ပျောက်ဆုံးနေတဲ့ တင်းမကျေးရွာသား ၁၈ ဦးကိစ္စနဲ့ပ တ်သက်ပြီးတော့လည်း မိသားစုဝင်တွေအတွက် လူသားချင်းစာနာတဲ့အနေနဲ့ လက်ရှိစစ်ကောင်စီအစိုးရက တိကျသေချာတဲ့အဖြေတစ်ခုကို ထုတ်ပြန်ပြောဆိုသင့်ပြီလို့လည်း ဆိုပါတယ်။
အခုလက်ရှိတော့ စစ်ကောင်စီရဲ့ အကူအညီနဲ့ နေရပ်ပြန်သွားကြတဲ့ အမ်းမြို့နယ်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၄၀ ကျော်အတွက် အကူအညီပေးမှုတွေ လုပ်ဆောင်နေပြီး တခြားနေရပ်ပြန်ချင်တဲ့ စစ်ဘေးဒုက္ခသည်တွေကိုလည်း နေရပ်ပြန်ဖို့ တင်ပြလာရင် အကူအညီပေးဖို့ အဆင်သင့်ရှိတယ်လို့လည်း စစ်ကောင်စီဘက်က ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကာလအတွင်း အိုးအိမ်တွေကိုစွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းသုံးသောင်းကျော်ဟာ အခုအချိန်ထိ နေရပ်မပြန်နိုင်ဘဲ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေရဆဲဖြစ်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။
အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ သူတို့နေရပ်ကို ပြန်ချင်နေကြပေမယ့် ရွာတွေထဲမှာ မိုင်းရှင်းလင်းရေးတွေ မလုပ်ရသေးတာ၊ ရွာအနီးမှာ တပ်မတော်စခန်းတွေ ရှိနေသေးတာ၊ နေအိမ်တွေကို ပြန်မဆောက်ရသေးလို့ တင်ပြတောင်းဆိုထားပေမယ့်လည်း လိုက်လျောတာ မရှိသေးလို့ နေရပ် မပြန်နိုင်ကြသေးတာဖြစ်ပါတယ်။