By Western News/ 2021 May 24
မိုးမြင့်ရေးသားသည်။

ဆွစ်ဇာလန်နိုင်ငံဟာ “ကြားနေဝါဒ” ကိုကျင့်သုံးတဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့နိုင်ငံတစ်ခုအဖြစ် ဥရောပမှာ လူသိများပါတယ်။ ဆွစ်သမိုင်းတွေကို (ဒီကနေစပြီး ဆွစ်လို့ဆက်သုံးပါမယ်) ပြန်ကြည့်ရင် ဥရောပ နိုင်ငံတွေက
ဆွစ်စစ်သားတွေကို ခေါ်ပြီး တိုက်ပွဲတွေမှာ တိုက်ခိုက်ဖို့အတွက် ငှားရမ်းအသုံးပြုကြတာရှိပါတယ်။
ထူးဆန်းတာက ဆွစ်တွေတိုက်ခိုက်ရေးမှာ ထူးချွန်ထက်မြက်ကြသူတွေဖြစ်ပေမယ့် ဘာလို့ စစ်ကိုမလိုလားသူတွေဖြစ်လဲဆိုတဲ့ အချက်ပါ။ နိုင်ငံရပ်ခြားမှာသာတိုက်ပွဲတိုက်မယ် ပြည်တွင်းမှာ ဒါမှမဟုတ်
တခြားတစ်နိုင်ငံနဲ့တိုက်ခိုက်ဖို့ကိုတော့ ဆွစ်တွေက ရှောင်ပါတယ်။
ဖြစ်နိုင်ခြေကတော့ ဆွစ်ဟာ နယ်မြေချဲ့ထွင်ဖို့ကြိုးစားရင်းနဲ့တိုက်ပွဲရှုံးတာတွေ ရင်ဆိုင်ခဲ့ရတာနဲ့လည်းဆက်စပ်နိုင်ပါတယ်။ တောင်တွေကာရံထားတဲ့ နိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ ဆွစ်ရဲ့ ကြားနေဝါဒကို
ကျင့်သုံးတာက ဒုတိယကမ္ဘာစစ်တုန်းမှာ နိုင်ငံကြီးတွေသိမ်းပိုက်တဲ့အန္တရာယ်ကို ကျော်လွှားဖို့အတွက်လုပ်ရာကနေ စပါတယ်။ အဲဒီကနေ ဒီနေ့ထက်ထိ စစ်မလိုလားတဲ့နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။
ဆွစ်ဟာ EU၊ NATO နှစ်ခုလုံးမှာ မပါ ပါဘူး။ သူတို့တပ်တွေကို တခြားတစ်နိုင်ငံမှာတိုက်ခိုက်ဖို့အတွက် ပို့တာမျိုးတွေမလုပ်ပါ။ ဥပမာ အားဖြင့် အာဖဂန်ကိုသွားတိုက်တာမျိုးတွေပေါ့။ UN နိုင်ငံအဖြစ်
စတင်ဝင်ရောက်တာတောင် ၂၀၀၂ ခုနှစ်မှာပဲ စတင်တာဖြစ်ပါတယ်။
No conflict, No alliances, Leave us Alone ဆိုသလိုမျိုး နေလာခဲ့တာ အဲဒီကာလမတိုင်ခင် အထိဆိုပါတော့။ ဒါပေမဲ့ ဆွစ်ဇလန် ၁၉၄၀ ကာလတုန်းက ကျင့်သုံးခဲ့တဲ့ကြားနေဝါဒက တကယ်ရော
အကောင်းတွေချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။
ကြားနေဝါဒကိုကျင့်သုံးတယ်လို့ဆိုပေမယ့် ဟစ်တလာတပ်တွေ ဆွစ်ကိုတိုက်လာနိုင်တဲ့ အန္တရာယ်ကိုလည်း သူက လျော့မတွက်ပါ။ အဲဒါကြောင့် တောင်တွေကာရံထားတဲ့ သူ့နိုင်ငံကို မဟာဗျူဟာကျကျနဲ့
ခုခံကာကွယ်ရေးစနစ်ကိုတည်ဆောက်လိုက်ပါတယ်။
တောင်တွေကို ဥမင်လိုဏ်ခေါင်းတွေတောက်လျှောက်ဖောက်လုပ်ပြီးတော့ နယ်စပ်မှန်သမျှ၊ တစ်ခြားတစ်နိုင်ငံကနေ ဝင်လာမယ့်လမ်းကြောင်းတွေ မှန်သမျှကို အပြင်းအထန်ပေါက်ကွဲစေမယ့် (IED) စနစ်ကို
ထွင်ထားလိုက်ပါတယ်။ ဆွစ်ဟာ ဖက်ဆစ်အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ ဂျာမနီနဲ့အီတလီနှစ်နိုင်ငံကြားမှာတည်ရှိတာဖြစ်ပါတယ်။
သူ့ရဲ့ မြောက်ဘက်မှာ ဂျာမနီ၊ တောင်ဘက်မှာက အီတလီပါ။ ကြားနေဝါဒတစ်ခုတည်းကို ကျင့်သုံးရုံနဲ့ သူက အဲဒီနှစ်နိုင်ငံရဲ့ရန်ကို မကာကွယ်နိုင်ဘူးဆိုတာ ဆွစ်က ကြိုတွက်ပုံရပါတယ်။ ဒါကြောင့်
နိုင်ငံပတ်လည်မှာရှိတဲ့ ဝင်ပေါက်၊ ထွက်ပေါက်တွေဖြစ်တဲ့ တံတား၊ဥမင်လိုဏ်ခေါင်း၊ မြစ်၊ လမ်းတွေမှာ IED မြှပ်ထားလိုက်ပြီးတော့ ဥမင်လိုဏ်ခေါင်းတွေ ဖောက်ထားတာပါ။
အဲဒါအပြင် သူက တံတားတွေ လမ်းတွေကို တောင်ပေါ်တွေကနေ အမြှောက်တပ်ကြီးတွေနဲ့ ချိန်ရွည်ထားပါတယ်။
သဘောကတော့ တကယ်လို့ TNT ယမ်းထုပ်ကြီးတွေ၊ IED တွေ အလုပ်မဖြစ်ရင် သုံးဖို့ရည်ရွယ်ပုံရပါတယ်။ အဲဒီစနစ်က ဒီနေ့ထက်ထိ အသက်ဝင်နေဆဲဖြစ်ပါတယ်။ ဆွစ်တွေက ကြွက်တွေလား
အောက်မေ့ရပါတယ်။ တောင်တွေထူထပ်လှတဲ့ သူ့နိုင်ငံကို လမ်းပန်းဆက်သွယ်ရေးအတွက် အကုန် ဥမင်လိုဏ်ခေါင်းတူးပစ်လိုက်ပါတယ်။ ရထားဟာ သူ့ရဲ့ အဓိက ဆက်သွယ်ရေး (transport)
စနစ်ဖြစ်ပါတယ်။ ဒီလိုရထားလမ်းတွေမှာ လေးထောင့်အမှတ်အသားနဲ့အကွက်ကလေးတွေရှိတတ်ပါတယ်။အဲဒါတွေက IED တွေရှိတဲ့နေရာတွေကို အမှတ်အသားပြထားတာဖြစ်ပါတယ်။
ဆွစ်ဟာ နိုင်ငံကြီးတွေရဲ့ရန်ကိုလည်း ကြောက်တာရယ်ကြောင့် နယ်စပ်ချင်းထိနေတဲ့ ဂျာမနီ-ဆွစ် မြစ်ကူးတံတားကို၂၀၀၆ လောက်တုန်းမှ ပြန်ဆောက်တာပါ။ အဲဒီတံတားရဲ့ကုန်ကျစရိတ်ထက်
ဝက်လောက်ကို ဒုတိယကမ္ဘာစစ်ရှုံးတဲ့ ဂျာမနီကပေးရပါတယ်။ ထူးဆန်းတာက အဲဒီတံတားကို ဆွစ်က တာဝန်ယူဆောက်လုပ်ပြီး တံတားမှာ တန်နဲ့ချီတဲ့ TNT ယမ်းထုပ်ကြီးတွေနဲ့ဖောက်ခွဲရေးစနစ်ကို
ထည့်သွင်းတည်ဆောက်ထားတာပါ။ ဒါကို ဂျာမနီလည်း နောက်တော့မှ သိပုံရပါတယ်။ အဲဒီတံတားကို ဒီနေ့အထိ အသုံးပြုနေကြဆဲပါ။
တစ်နိုင်ငံလုံးမှာ ထောင်နဲ့ချီတဲ့ ဥပမင်လှိုင်ခေါင်းတွေရှိပြီး၊ အရှည်လျားဆုံး (Gotthard Base Tunnel) ဆိုရင် ၅၇ ကီလိုမီတာ(၃၅ မိုင်) ရှိပါတယ်။ တောင်ထိပ်လေးတွေမှာ အိမ်သေးသေးလို
မျိုးအဆောက်အအုံတွေ တွေ့ရတတ်ပါတယ်။ တကယ်တော့ အဲဒါတွေက စစ်တိုက်ရာမှာသုံးဖို့အတွက် ထွက်ပေါက်လေးတစ်ခု ဖန်တီးထားတာဖြစ်ပါတယ်။
သူ့ရဲ့အောက်မှာတော့ ဥမင်လိုဏ်ခေါင်းရှိပြီး စစ်သားတွေနေထိုင်ဖို့အဆောက်အအုံတွေ အကုန်လုံးမြေအောက်ထဲမှာစီစဉ်ထားပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်အေးကာလမှာတော့
ရုရှားနိုင်ငံရဲ့အန္တရာယ်ကို တွက်ဆလာရပါတယ်။ အထူးသဖြင့် နျူးကလီးယား ပိုင်ဆိုင်လာတာကြောင့်ပါ။
ဒါကြောင့် ဘန်ကာတွေကိုနောက်ပိုင်းမှာတော့ ဆေးရုံဆေးခန်း ဒါမှမဟုတ် လူနေအိမ်တွေအဖြစ် အသွင်ပြောင်းလိုက်ကြပါတယ်။ သဘောကတော့ တစ်ခုခုဖြစ်ရင် တစ်နိုင်ငံလုံးက
လူတွေကို အကာကွယ်ပေးနိုင်မယ့် စနစ်အဖြစ် ထပ်ပြီးအဆင့်မြှင့်လိုက်တာပါ။
ဒုတိယကမ္ဘာစစ်တုန်းက ဆွစ်ကျင့်သုံးတဲ့ ကြားနေဝါဒ ဆိုတာ တကယ့်အစစ်အမှန်ကြားနေတာတော့ မဟုတ်ပါဘူး။
သူ့ရဲ့မူဝါဒက ဘယ်သူနဲ့ပဲဖြစ်ဖြစ် သူ့နိုင်ငံအသိမ်းမခံရဖို့ ကူးလူးဆက်သွယ်မှုတွေ၊ ကုန်ရောင်းကုန်ဝယ်တွေ၊ လက်နက်ထောက်ပံ့တာတွေက အစ တရားဝင်နိုင်ငံခြားရေးမူအဖြစ်
သုံးခဲ့တာပါ။ ဝစ်စတန် ချာချီဖြစ်ဖြစ်၊ နာဇီ ဟစ်တလာဖြစ်ဖြစ် သူက ကုန်သွယ်ရောင်းဝယ်မှုလုပ်ခဲ့ပါတယ်။ နှစ်ဘက်လုံးနဲ့ဆက်သွယ်ပေမယ့် တကယ်တမ်းကျတော့ ဂျာမနီကို
စစ်လက်နက်ထောက်ပံ့တာမျိုးအထိ လုပ်ပေးခဲ့တာပါ။ ဥပမာ လေကြောင်းရန်ကာကွယ်ရေးအတွက် Anti-aircraft gun ပေးခဲ့တာပါ။ ဒါဟာ ” နိုင်ငံအသိမ်းမခံရရေး
” အတွက် ဖားရတာမျိုးနဲ့တူပါတယ်။ ပြီးရင် Holocaust (ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်) စခန်းတွေမှာကျန်ခဲ့တဲ့
လက်ဝတ်ရတနာတွေက အစ ဆွစ်တွေ ယူခဲ့ကြပါတယ်။
ဆွစ်ဇာလန် စစ်တပ်က အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းက အခုလိုဖြစ်ပါတယ်။
“In order to remain in peace, you have to have cannons”
” ငြိမ်းငြိမ်းချမ်းချမ်းရှိနေဖို့ဆိုရင် ခင်များမှာလက်နက်ရှိမှ ရမှာ”
ဒီကနေ့ မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တချို့ရဲ့ရပ်တည်ချက်ဟာ ဒုတိယကမ္ဘာစစ်တုန်းက ဆွစ်ဇာလန်ရပ်တည်တာနဲ့သွားတူညီနေတာကို တွေ့ရပါတယ်။
အာဏာသိမ်းလို့ တစ်နိုင်ငံလုံးထကြွ ပုန်ကန်ပေမယ့် လက်နက်အင်အားတောင့်တင်းတဲ့ အဖွဲ့တချို့ကတော့ ဘယ်သူနဲ့မှမပါဘူး ငါတို့ပွဲမဟုတ်ဘူးဆိုတဲ့ သဘောမျိုးထုတ်ပြောကြတာရှိပြီး
ဥပမာ RCSS ဆိုရင် “ကြိုဆိုတာနဲ့” “ထောက်ပံ့တာ” မတူဘူးလို့ ပြောဆိုတဲ့အထိတောင် ရှိလာနေတာပါ။
ဆိုလိုတာက RCSS ဟာ မူအရ CRPH ကဖွဲ့စည်းထားတဲ့ NUG အစိုးရကို မူအရသာကြိုဆိုပြီး စစ်ရေးအရကူတိုက်တာမျိုးမလုပ်ဘူးပြောတာဖြစ်ပါတယ်။ အဲလိုပဲ UWSA ဆိုရင်လည်း
သူ့အကျိုးစီးပွားကလွဲပြီး ကျန်တဲ့ပြသနာကို စိတ်မဝင်စားဘူးပြောဆိုထားပါတယ်။ တခါ UWSA ကို အားကျတဲ့ ဒုတိယအင်အားအကြီးမားဆုံးဖြစ်လာတဲ့ ရက္ခိုင့်တပ်တော် AA ဆိုလည်း အလားတူပြောဖူးပါတယ်။
ရခိုင်ပြည်နယ်မှာ CDM လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုမလုပ်ဘူး တခြားတတ်နိုင်တဲ့ဘက်ကပဲ ကူညီပေးမယ်လို့ပြောဆိုဖူးပါတယ်။ အင်အားအကြီးဆုံးတွေဖြစ်တဲ့ UWSA/ RCSS/ AA သုံးဖွဲ့လုံးရဲ့
စကားတွေဟာ ဆွစ်ရဲ့ ရပ်တည်ချက်နဲ့တူပါတယ်။ ဆွစ်ဇာလန်လိုပဲ အဲလိုပြောဆိုကြတဲ့ EAOs တွေဟာ အခုချိန်မှာ အင်အားကြီးတဲ့ အာဏာသိမ်းစစ်တပ် ဗိုလ်ချုပ်မှုးကြီး
မင်းအောင်လှိုင်ရဲ့ တပ်ကို မယုံကြည်လို့ စစ်မတိုက်ပေမယ့်လည်း စစ်ရေးပြင်ဆင်မှုတော့ လျော့မသွားကြပါဘူး။
ဆွစ်စစ်တပ်ပြောဆိုတာနဲ့ AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောဆိုတာလည်း တူညီနေတာ တစ်ချက်ရှိပါတယ်။
“အင်အားရှိရင် ခင်များကို စွပ်ပြုတ်တောင်တိုက်ဦးမှာ” ဆိုတဲ့ စကားပါ။
အင်အားတောင့်တဲ့ UWSA ခေါင်းဆောင် ပေါက်ယူချန်းကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စွပ်ပြုတ် တိုက်တာကို ရည်ရွယ်ပြီးပြောတာဖြစ်ပါတယ်။ ဆွစ်နဲ့ မြန်မာနိုင်ငံက EAOs တွေ
မတူညီတာကတော့ ဂျူးတွေသတ်ဖြတ်ခံရလို့ကျန်တဲ့ပစ္စည်းကို ဆွစ်တွေက ယူပေမယ့် ဒီမှာကတော့ ဖိနှိပ်ခံရတဲ့ ဗမာလူထုကို တိုင်းရင်းသားတွေက အကူအညီပေးကြတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် EAOs တွေရဲ့ သမိုင်းရပ်တည်ချက်တွေဟာ တချိန်မှာတော့ ဆွစ်ရဲ့ Dark Side story အဖြစ်ကျန်ခဲ့သလိုမြန်မာနိုင်ငံက EAOs တွေလည်း ရင်ဆိုင်ရဖွယ်ရှိတာ အမှန်ပါပဲ။
ဒါပေမဲ့ နိုင်ငံရေးသမားတွေအတွက်တော့ စကားလုံးတွေမရှားပါဘူး။ အမျိုးသားအကျိုးစီးပွားဆိုတဲ့ စကားလုံးနဲ့ ကာကွယ်ကြဦးမှာဖြစ်ကြောင်းပါ။
မှတ်ချက် – ဂျွန်နီဟဲရစ်ရဲ့ ဆွစ်ဇာလန်အကြောင်းရုပ်သံကို ဆီလျော်အောင်ဘာသာပြန်ဆိုထားတာဖြစ်ပြီး သမိုင်းဖြစ်ရပ်တူတဲ့ မြန်မာအကြောင်းဖြည့်စွက်ထားခြင်းဖြစ်ပါတယ်။ ကနဦး တင်ပြချက်မှာ EU နဲ့ NATO မှာ ပါတယ်လို့ဖော်ပြခဲ့ပါတယ်။ တကယ်တော့ EU မှာ
ဆွစ်ဇာလန်က စီးပွားရေးဆိုင်ရာတချို့အတွက်သာ ပါဝင်ပြီး၊ စစ်ဘက်ဆိုင်ရာအတွက် နှစ်ခုလုံးမှာ မပါဘူးလို့ပြင်ဆင်ဖတ်ရှုပေးပါ။
https://www.facebook.com/westernnewsagency/posts/296698118803366