By Narinjara/ 2021 May 26
ဆောင်းဇာခြည်
ဆိုင်ကလုန်းမုန်တိုင်းကြောင့် လှိုင်းလုံးများရိုက်ပုတ်ရာက ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကျွန်းသာယာအုပ်စု၊ ပြင်ဝန်းကျေးရွာတွင် လူနေအိမ် ၁၁ လုံး ပျက်စီးသွားကြောင်း သတင်းရရှိသည်။
အဆိုပါ လူနေအိမ်များမှာ ယနေ့ နံနက် ၇ နာရီခန့်က မိုးသက်လေပြင်းနှင့်အတူ ရေလှိုင်းရိုက်ပုတ်မှုကြောင့် ပျက်စီးသွားခြင်းဖြစ်သည်ဟု ပြင်ဝန်းကျေးရွာ အရပ်လူကြီး တစ်ဦးဖြစ်သူ ဦးမောင်မောင်ဆန်းက ပြောသည်။
ပျက်စီးသွားသည့် နေအိမ် ၁၁ လုံးအထဲတွင် ၇ လုံးမှာ လုံးဝပျက်စီးသွားပြီး ကျန် ၄ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးသွားကြောင်း ၎င်းက ပြောသည်
“သူတို့က ကမ်းခြေဘက်မှာ နေတာ။ အဲလှိုင်းပုတ်ခတ်လိုက်တာ။ လှိုင်းက အရမ်း ကြောက်ဖို့ ကောင်းပါတယ်။ မျက်လုံးတောင်ဖွင့်မကြည့်ရဲပါဘူး။ အဲလို လှိုင်းရိုက်ခတ်လိုက်လို့ အိမ်တွေ ပြိုပျက်သွားတာ။ လေက သိပ်တော့ မပြင်းပါဘူး။ လှိုင်းလုံးပဲ ကြီးတာပါ” ဟု ပြောသည်။
ပျက်စီးသွားသည့်နေအိမ် ၁၁ လုံးထဲတွင် ကုန်စုံဆိုင်နှင့် စက်ပစ္စည်းအရောင်းဆိုင်များ ပါဝင်သဖြင့် ၄င်းဆိုင်များမှ ပစ္စည်းအချို့မှာလည်း လှိုင်းနှင့်အတူ ပင်လယ်ဘက်သို့ မျောပါသွားကြောင်း သူက ဆက်ပြောသည်။
“အဲဒီပျက်စီးသွားတဲ့အိမ်တွေထဲမှာ ကုန်စုံဆိုင်တို့၊ စက်ပစ္စည်းဆိုင်တို့ ပါပါတယ်။ အဲဒီဆိုင်ပိုင်ရှင်တွေမှာဆိုရင် ဆိုင်ကပစ္စည်း ၅၀ ရာခိုင်နှုန်းလောက် မျောပါသွားတယ်။ ကျန်တဲ့ပစ္စည်းတွေကိုတော့ ရွာသားတွေက ဝိုင်းဝန်းပြီး ကူပြောင်းပေးနေကြပါတယ်။ အခုထိတောင် လှိုင်းလုံးတွေက ကြီးနေတုန်းပါ” ဟု ယနေ့ နေ့လယ်က ဆက်သွယ်စဉ် ပြောကြားသည်။
ထိုကဲ့သို့ လူနေအိမ်များ ပျက်စီးသွားသည့်အတွက် ယင်းနေအိမ်များမှ မိသားစုဝင်များမှာ ကျေးရွာရှိ ဆွေမျိုးများနေအိမ်တို့တွင် ခိုလှုံလျှက်ရှိကြကြောင်း ပြင်ဝန်းကျေးရွာမှ ဒေသခံ ကိုမောင်မောင်စိုးက ပြောသည်။
“အိမ်တွေကတော့ ပျဉ်ထောင်၊ ပျဉ်ခင်းတွေ၊ ဓနိမိုး၊ သွပ်မိုးအိမ်တွေပါ။ သူတို့ကတော့ အခု ဆွေမျိုးတွေအိမ်မှာ နေနေကြပါတယ်။ လူပေါင်း ၃၀ လောက်တော့ရှိမယ်ထင်တယ်” ဟု ပြောသည်။
ပြင်ဝန်းကျေးရွာတွင် အိမ်ခြေ ၂၂၀ နှင့်လူဦးရေ ၁၀၀၀ ခန့်ရှိကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4353800907965286