By Western News/ 2021 May 10
သူဌေးရေအားလျှပ်စစ်စီမံကိန်းကြောင့် ပြီးခဲ့သည့် မတ်လမှစတင်ကာ ရေကောက်နှင့် ပုရစ်ကျေးရွာသားတို့ ရွှေ့ပြောင်းနေထိုင်နေသည့် ကျေးရွာသစ်မြေနေရာတွင် မြေပြိုမှုများရှိနေသော်လည်း ယခုနှစ်တွင်မြေထိန်းနံရံ ပြုလုပ်ရန်အစီအစဉ်မရှိကြောင်း စီမံကိန်းတာဝန်ရှိသူက ပြောသည်။
စီမံကိန်းကြောင့် ရွှေ့ပြောင်းနေထိုင်ရသည့်မြေနေရာသစ်မှာ သံတွဲ- တောင်ကုတ်ကားလမ်းဘေးတွင်ရှိသည့် ဂျိန်တောင်ဆည်နှင့် ဒေါ်မျှကျေးရွာကြားတွင်ရှိသည့်မြေနေရာဖြစ်သည်။ ကျေးရွာသစ်မြေနေရာ၏ အမြင့်မှာ မြေမျက်နှာသွင်ပြင်မှ အမြင့်ပေ ၂၀၀ ကျော်ရှိပြီး သံတွဲမြို့နှင့် ၂၅ မိုင်ခန့်ဝေးသည်။
ရေကောက်နှင့် ပုရစ်ကျေးရွာသားတို့နေထိုင်နေသည့်ကျေးရွာသစ်မြေနေရာတွင် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်က မိုးရွာသွန်းမှုကြောင့် ကမ်းပါးပြိုကျကာ နေအိမ်ဆောက်လုပ်ရန်ထားရှိသည့် သစ်များ၊ ဝါးများမှာ ကမ်းပါးပြိုကျမှုနှင့်အတူ မျောပါသွားခဲ့ကြောင်း ဒေသခံများကပြောသည်။
ယခုလိုမိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုများရှိနေသော်လည်း မြေထိန်းနံရံပြုလုပ်ပေးရန်အစီအစဉ်မရှိသေးဘဲ သစ်တောဦးစီးဌာနနှင့် ပူးပေါင်းကာ မြေသားခိုင်ခန့်ရန်အတွက် မြက်စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သူဌေးရေအားလျှပ်စစ်စီမံကိန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အေးက Western News ကိုပြောသည်။
“ဒီနှစ်ကတော့ မြက်စိုက်တာတို့ဘာတို့လုပ်သွားမယ်။ သစ်တောဌာနနဲ့ညှိပြီးတော့လေ။ လောလောဆယ်တော့ အခိုင်အမာ ကျောက်စီတာတို့က လုပ်လို့မရသေးဘူးလေ။ နောက်နှစ်ကျရင်တော့ ကျနော်တို့ ဘက်ဂျက်တွေ ဘာတွေတောင်းပြီးတော့ ကျောက်စီနံရံတွေလုပ်မယ်၊ ရေမြောင်းလုပ်ပေးမယ်၊ မြေထိန်းနံရံတွေအခိုင်အမာ လုပ်ပေးမယ်။ အခုလောလောဆယ်တော့ အဆင်မပြေသေးဘူး”ဟုပြောသည်။
ရေကောက်ကျေးရွာသားတစ်ဦးဖြစ်သည့် ဦးအောင်ကြီးကမူ ကျေးရွာသစ်မြေနေရာမှာ ဖို့မြေများဖြစ်သည့်အတွက် ပြိုကျခြင်းဖြစ်ပြီး မိုးတွင်းဆိုလျှင်မြေပြိုမှုများဖြစ်လာနိုင်ကြောင်းပြောသည်။
“ ၂၉ ရက်နေ့က မိုးရွာသွန်းပြီးမြေပြိုကျတဲ့နေ့ကတော့ ပါသွားတဲ့ သစ်တွေ၊ ဝါးတွေကို ဘတ်ဖိုးနဲ့ဖော်ပေးခဲ့တယ်။ မြေကဖို့မြေ ဆိုတော့ပြိုကျတာပေါ့။ သူတို့ကတော့ မြေထိန်းနံရံတွေကို လာမည့်နှစ်မှာလုပ်ပေးမယ်လို့တော့ ပြောတာရှိတယ်။ တိတိကျကျတော့ မဟုတ်ဘူး။ ဒီအတိုင်းဆိုရင်တော့ မိုးတွင်းမှာမြေပြိုမှုတွေဖြစ်လာနိုင်တယ်” ဟုပြောသည်။
သူဌေးရေအားလျှပ်စစ်စီမံကိန်းကို ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်ကစတင်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ပြီး လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်ပြီးစီးမည်ဖြစ်သည်။ အဆိုပါ သူဌေးရေအားလျှပ်စစ်စီမံကိန်း၏တမံအမြင့်မှာ ယခုနှစ်မိုးရာသီတွင် ပင်လယ်ရေ မျက်နှာပြင်အမြင့် ၅၂ မီတာသို့ရောက်ရှိမည်ဖြစ်ကာ ၄င်းကျေးရွာနှစ်ရွာမှာ စီမံကိန်းဧရိယာ၏ ရေဝပ်ဧရိယာတွင်ပါရှိ သည့်အတွက် ရွှေ့ပြောင်းနေထိုင်ရခြင်းလည်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/287396763066835