By Narinjara/ 2021 May 9
မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သက်ကြီးကဗျာဆရာမကြီးတစ်ဦးဖြစ်သော ဆရာမကြီး စစ်တွေ-ပွင့်လွှာသည် ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။
ဆရာမကြီး စစ်တွေ-ပွင့်လွှာသည် ယနေ့ မေလ ၉ ရက်နေ့ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် စစ်တွေမြို့ မင်းဘာကြီးလမ်း၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ သူ၏နေအိမ်၌ နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ဆရာမကြီး၏နာရေးကိုသွားရောက်ခဲ့သည့် စာရေးဆရာ လွမ်းပြေအောင်(စစ်တွေ)က နိရဥ္စရာကို ပြောသည်။
“ဆရာမကြီးက အရင်ကတည်းက နှလုံးအခံရှိတယ်။ ဒီနေ့မနက်ကတော့ အသက်ရှူကျပ်တယ်ဆိုပြီး တူမလေးနဲ့နေတဲ့အခန်းထဲကနေ အပြင်ကိုထွက်လာတယ်။ အခန်းအပြင်ကိုရောက်တော့ သူ့ရဲ့တူကို အောက်ဆီဂျင်ဝယ်ပေးဆိုပြီးခိုင်းတယ်။ ဒါနဲ့ အောက်ဆီဂျင်ဝယ်ဖို့သွားနေချိန် ဆရာမကြီးက အခန်းဝမှာ လဲချင်တယ်ဆိုပြီး လဲတော့ အဲဒီမှာ ဆုံးသွားတာ။”ဟု ပြောသည်။
ဆရာမကြီးသည် ကွယ်လွန်ချိန်တွင် အသက် (၈၅)နှစ်ရှိပြီဖြစ်သည်။
ဆရာမကြီးသည် ရခိုင်စာပေလောကတွင် ကဗျာတစ်ခုတည်းကိုသာရေးသားသည့် ရှားရှားပါးပါးကဗျာဆရာမတစ်ဦးဖြစ်ပြီး သူ့တစ်သက်တွင် “ပန်းနိုင်ငံ”အမည်ရှိ လုံးချင်းကဗျာစာအုပ်တစ်အုပ်တည်းသာ ထုတ်ဝေခဲ့ဖူးသည်ဟုလည်း စာပေအသိုင်းအဝိုင်းမှ သိရသည်။
ဆရာမကြီးသည် မြန်မာစာပြ ကျောင်းဆရာမတစ်ဦးလည်းဖြစ်ပြီး စစ်တွေ အထက(၂)၏ အပူဇော်ခံသက်ကြီးဆရာမတစ်ဦးဖြစ်သလို စစ်တွေရှိ စာပေနှင့် မီဒီယာညီအစ်ကိုများ၏ အပူဇော်ခံသက်ကြီးဆရာမကြီးတစ်ဦးလည်း ဖြစ်သည်။
“ရခိုင်စာပေလောကမှာ ကဗျာဆရာမရှားရှားပါးပါးဆိုလို့ ဆရာမ စစ်တွေ-ပွင့်လွှာပဲရှိတယ်။ ဆရာမ စစ်တွေ-ပွင့်လွှာကလည်း နာမည်ကြီးတဲ့ဆရာမတစ်ယောက်ဖြစ်တယ်။ တပည့်တွေကိုလည်း စာပြလည်း ကောင်းတယ်။ မြန်မာနိုင်ငံမှာ စာစီစာကုံးပြိုင်ပွဲတွေကိုလည်း ဆရာမလမ်းညွှန်မှုတွေနဲ့ ကလေးတွေပြိုင်ကြလို့ ဆုတွေလည်း အများကြီးရကြတယ်။ အဲလို ဆရာမတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အတွက်၊ ကိုယ့်မှာ ဆရာမလည်းဖြစ်တယ်။ တပည့်တစ်ယောက်လည်းဖြစ်တဲ့အတွက် အရမ်းဝမ်းနည်းကြေကွဲရပါတယ်။ ရခိုင်စာပေလောကအတွက်လည်း ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တယ်လို့ ခံစားရပါတယ်။”ဟု စစ်တွေမှ ကာတွန်း တက်သစ်အောင်(စစ်တွေ)က နိရဥ္စရာကို ပြောသည်။
ဆရာမကြီးကို မေလ ၁ဝ ရက်နေ့ ညနေ ၃ နာရီတွင် သင်္ဂြိုလ်သွားမည်ဟုလည်း သိရသည်။
ဆရာမကြီး၏အမည်ရင်းမှာ ဒေါ်စောကြည်ဖြစ်ပြီး ၁၉၃၆ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်၌ ဦးရွှေထွန်းဦးနှင့် ဒေါ်ငွေလှတို့မှ မွေးဖွားခဲ့သည်။
ဆရာမကြီးသည် စစ်တွေအမှတ်(၂)ကျောင်းတွင် အလယ်တန်းပြဆရာမအဖြစ် နှစ်ပေါင်း (၃ဝ)တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၅၄ ပတ်ဝန်းကျင်မှစတင်၍ ကဗျာများစတင်ရေးသားကာ စာပေနယ်ထဲသို့ဝင်ရောက်ခဲ့သူဖြစ်သည်။
ပြည်မထုတ် မြဝတီ၊ ငွေတာရီ၊ သွေးသောက်စသည့်မဂ္ဂဇင်းများတွင် ကဗျာများ ဆက်တိုက်ရေးသားခဲ့သလို ရခိုင်ဒေသထုတ်မဂ္ဂဇင်းအများအပြားတွင်လည်း ကဗျာများ ရေးသားခဲ့သည်။ ရခိုင်ပြည်နယ်၏သက်တမ်းအရှည်ကြာဆုံးမဂ္ဂဇင်းတစ်ခုဖြစ်သော ရခိုင်မဂ္ဂဇင်း၏ နာယကနှင့် စာတည်းတာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။
ရခိုင်စာပေလောကတွင် အကြီးကျယ်ဆုံးဆုတစ်ခုဖြစ်သော တန်းခိုးဆရာထွန်း တစ်သက်တာစာပေဆုကို ၂ဝ၁၈ ခုနှစ်က ရရှိထားသူလည်းဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4298680690143975