စစ်တွေမြို့ ပရိတ်တော်မြတ်ရွတ်ဖတ်ပူဇော်သာရေးနာရေးကူညီမှုအသင်း၏ (၄) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပ

သျှင်မင်းဇံ

ပရိတ်တော်မြတ်ရွတ်ဖတ်ပူဇော် သာရေးနာရေးကူညီမှုအသင်း၏ (၄) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကို မေလ ၈ ရက်နေ့ နံနက် ၈ နာရီခန့်က ဘုရားများသိမ်၊ ပညာလင်္ကာရကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယခုနှစ်ကျင်းပသည့် သက်ကြီးပူဇော်ပွဲမှာ (၄) ကြိမ်မြောက်ဖြစ်ပြီး အသက် (၇၅) နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွား (၅၇) ဦးအား အခမ်းအနားပြုလုပ်ပြီး ပူဇော်ကန်တော့ခဲ့ကြသည်ဟု သိရသည်။

ပရိတ်တော်မြတ်ရွတ်ဖတ်ပူဇော် သာရေးနာရေးကူညီမှုအသင်း၏ အတွင်းရေးမှူး ဦးသိန်းထွန်းက “အခုလို သက်ကြီးပူဇော်ပွဲလုပ်ရတာက အသင်းနာယကကြီးဖြစ်တဲ့ ဦးလှမောင်က သူမသေခင်မှာ ငွေ ၁၀၈ သိန်းကို သက်ကြီးပူဇော်ပွဲလုပ်ဖို့ ၊ ညဏ်ပူဇော်ပွဲလုပ်ဖို့  အသင်းအတွက် မတည်လှူဒါန်းထားပါတယ်။ အဲဒီလှူဒါန်းတဲ့ အတိုးငွေလေးနဲ့ သက်ကြီးတွေကို ပူဇော်ဂရဝါပြုတာပါ ”ဟု နိရဉ္စရာကို ပြောသည်။

သက်ကြီးရွယ်အို ဘိုးဘွားများအား တစ်ဦးလျှင် အလှူငွေ ၂၅၀၀၀ ကျပ်နှုန်းဖြင့် ပူဇော်ကန်တော့ခဲ့ပြီး ယခုနှစ်မှ စ၍ ၂ နှစ်လျှင် တစ်ကြိမ်ကျင်းပသွားဖို့ရန် စီစဉ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ ခုလို ၂ နှစ်မှာ တစ်ကြိမ်ကျင်းပရတာက ငွေကြေးအခက်အခဲကြောင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းအနေနဲ့ သက်ကြီးပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင် ကျင်းပချင်ပေမယ့်လည်း ရန်ပုံငွေလုံလောက်မှုမရှိတဲ့အတွက် ၂ နှစ်တစ်ကြိမ်ကျ  ကျင်းပဖို့ စီစဉ်ရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းသက်ကြီးပူဇော်ပွဲကို စစ်တွေမြို့ရဲကျော်သူ ကျောင်းတိုက်တွင်  ၂၀၁၆ ခုနှစ် ပထမဆုံးအကြိမ်၊  ၂၀၁၇ ခုနှစ်ကဒုတိယအကြိမ်နှင့် ၂၀၁၉ ခုနှစ် တတိယအကြိမ်ကျင်းပခဲ့သည်ဟု သိရှိရသည်။

https://www.facebook.com/narinjara.info/posts/4298114223533955

Leave a Reply

Your email address will not be published.