စစ်တွေမြို့လယ်ချောင်းကို ရေစီးရေလာကောင်းမွန်စေရန် တူးဖော်မှုပြုလုပ်မည်

By Development Media Group (DMG)/ 2021 May 14

စစ်တွေမြို့တွင် ကုလားချောင်း (ကလွေချောင်း) ခေါ် မြို့လယ်ချောင်းကို ရေစီးရေလာကောင်းမွန်စေရေးအတွက် တူးဖော်မှုများပြုလုပ်သွားမည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက DMG သို့ ပြောသည်။

တူးဖော်မှုပြုလုပ်ရာတွင် ရှေးဦးစွာ မြို့လယ်ချောင်းတစ်လျှောက်ရှိ တံတား ၁၁ ခု၏ အနီးတစ်ဝိုက်ကို ရှင်းလင်းမည်ဖြစ်ပြီး နောက်ပိုင်းတွင် မြို့လယ်ချောင်းဝကိုလည်း ပြန်လည်တူးဖော်မှုများ လုပ်သွားမည်ဟု သူကဆိုသည်။

“လူအားစက်အားတွေသုံးပြီး မေလ ၁၂ ရက်နေ့က စလုပ်နေပြီ။ မြို့တွင်းမှာ မြို့လယ်ချောင်းကိုဖြတ်ပြီး ဆောက်ထားတဲ့ တံတားတွေအောက်မှာပိတ်နေတာတွေကို အကုန်ပြန်တူးမှာပါ။ ပြီးတာနဲ့ ချောင်းဝကို ဆက်တူးမယ်။ မြို့လယ်ချောင်းကို ရေစီးရေလာကောင်းမွန် စေဖို့အတွက်ပါ” ဟု ရှင်းပြသည်။

မြို့လယ်ချောင်းသည် စစ်တွေမြို့၏ မြို့လည်ခေါင်တွင်တည်ရှိနေပြီး အမှိုက်များပိတ်ဆို့နေမှုများကြောင့် ရေစီးရေလာမကောင်းမွန်တော့သည့်အတွက် မိုးရာသီတွင် မြို့လယ်ရပ်ကွက်များ ရေမြုပ်သည့်ဒဏ်ကို ခံစားရလေ့ရှိနေကြောင်း စစ်တွေမြို့မိမြို့ဖ ဥက္ကဋ္ဌ ဦးမောင်သာစိန်က ဆိုသည်။

“ဒီချောင်းဟာ ကုလားတန်မြစ်နဲ့ ဆက်နေပေမယ့် အတွင်းပိုင်းမှာ ပိတ်နေတာတွေရယ်၊ အဝကို ကျောက်တွေ စီထားခံရတာတွေရယ်ကြောင့် မိုးရာသီဆိုရင် ဒီချောင်းမှာ ရေစီးရေလာ မကောင်းတော့ဘဲ မြို့ပေါ်ရပ်ကွက်တွေ ရေမြုပ်ကြရတယ်” ဟု သူကပြောသည်။

ထို့ကြောင့် ယခုကဲ့သို့ မြို့လည်ချောင်းကို ရေစီးရေလာကောင်းမွန်ရေးအတွက် ပြန်လည်တူးဖော်မှုများ ပြုလုပ်မည်ဆိုခြင်းမှာ ကောင်းမွန်လှကြောင်းနှင့် စနစ်တကျ တူးဖော်မှုများ လုပ်ဆောင်စေလိုကြောင်း ဦးမောင်သာစိန်က ဆိုသည်။

“အရင်တုန်းက ဒီချောင်းအတွက် လုပ်ကြတယ်လို့ပြောတာပဲ။ ဒါပေမယ့် ရန်ပုံငွေတွေ ဘယ်ရောက်သွားမှန်း မသိခဲ့ရဘူး၊ ချောင်းကတော့ ဒုံရင်းဒုံအတိုင်းပဲ ကျန်ခဲ့တယ်။ ဒါကြောင့် ဒီတခါ တူးဖော်ရင်တော့ မြို့တွင်းကရေတွေ မြစ်ထဲကို ရောက်နိုင်လောက်တဲ့အထိ စနစ်တကျ လုပ်ဆောင်ပေးစေချင်ပါတယ်” ဟု သူကအကြံပြုသည်။

မြို့လယ်ချောင်းသည် စစ်တွေမြို့ရှိ မြို့ပေါ်ရပ်ကွက် အများစုကို ဖြတ်သန်းစီးဆင်းလျှက်ရှိပြီး လက်ရှိတွင် အမှိုက်သရိုက်များနှင့် နုန်းမြေများဖြင့် ပြည့်နှက်လျှက်ရှိနေသည်။

https://www.facebook.com/dmgnewsagency/posts/2013286305490437

Leave a Reply

Your email address will not be published.