စစ်တွေမြို့နယ်တွင် လက်နက်များ စမ်းသပ်ပစ်ခတ်မှုပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေ

By Western News/ 2021 May 19

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် လက်နက်များစမ်းသပ်ပစ်ခတ်မှုပြုလုပ်မည်ဟု မေလ ၁၇ ရက်နေ့က ဖုန်းဆက်အကြောင်းကြား လာကြောင်း ကျေးရွာစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌများ ထံမှသိရသည်။

လက်နက်စမ်းသပ်ပစ်ခတ်မှုကို မေလ ၁၉၊ ၂၀၊ ၂၁၊ ၃ ရက်ကြာထိပြုလုပ်မည်ဟု ၂၃၂ တပ်မှ ဗိုလ်မှူးတစ်ဦးက ဖုန်းဆက်အကြောင်း ကြားလာသော်လည်း ယနေ့ မေလ ၁၉ ရက်နေ့ နံနက် ၉ နာရီအချိန်ထိလက်နက်စမ်းသတ်မှုပြုလုပ်ခြင်းမရှိသေးကြောင်း ပါဒလိတ်ကျေးရွာစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးမောင်အေးလှိုင်က Western News ကိုပြောသည်။

“၁၉ ရက်နေ့ကတည်းကစလို့ ၃ ရက်ကြာလက်နက်ငယ်တွေစမ်းမယ်ဆိုပြီးတော့ ၂၃၂ တပ်က ဗိုလ်မှူးတစ်ဦးက ဖုန်းလှမ်းဆက်လာ တယ်။ အဲဒီဗိုလ်မှူးနာမည်တော့ ကျွန်တော်လဲမသိဘူး။ ပြီးတော့ အဲဒီကိစ္စကို သူတို့က ထွေ/အုပ်ကိုအစီအရင်ခံစာတင်ထားတယ်လို့ ပြောတယ်။ ထွေ/အုပ်ကိုမေးကြည့် ရင်တော့ ပိုအဆင်ပြေမယ်ထင်တယ်။ တခြားဘယ်ရွာတွေကို အကြောင်းကြားထားလဲဆိုတာတော့ ကျွန်တော်လည်းမသိဘူး”ဟုပြောသည်။

စစ်တွေမြို့နယ်၊ ကျောက်တန်းကျေးရွာမှ အမည်မဖော်လိုသည့်‌ဒေသခံတစ်ဦးက”လက်နက်စမ်းသပ် ပစ်ခတ်မယ်ဆိုပြီးတော့ ၃ ရက်အတွင်း မနက် ၈ နာရီကနေ ညနေ ၄ နာရီထိရွာအပြင်ကိုမထွက်ရဆိုပြီးတော့ ရွာဆော်က ရွာကိုပတ်ပြီးဆော်သြထားတာရှိတယ်။ ဘယ်ကနေပစ်မယ်ဆိုတာကိုတော့ မသိဘူး” ဟုပြောသည်။

လက်နက်စမ်းသပ်ပစ်ခတ်မှုပြုလုပ်မည်ဟု ၂၃၂ တပ်မှ ဗိုလ်မှူးတစ်ဦးက ဖုန်းဆက်ထားသော်လည်း ယမန်နေ့ ညနေ ၆ နာရီလောက်က လက်နက်စမ်းသပ်ပစ်ခတ်မှုကိုပြုလုပ်တော့မည်မဟုတ်ဟု ပြန်လည်ဖုန်းဆက်လာကြောင်း ချီလည်ဖင်းကျေးရွာအုပ်စုစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးကြာစိန်ထွန်း ကပြောသည်။

“ကျွန်တော့်ကိုလည်း လက်နက်စမ်းမယ်ဆိုပြီးတော့ ဖုန်းဆက်ခဲ့တာရှိတယ်။ ဆိုတော့ မနေ့က ညနေ ၆ နာရီလောက်မှာ စမ်းသပ်ပစ်ခတ်မှုမလုပ်တော့ဘူးဆိုပြီးတော့ ဖုန်းပြန်ဆက်လာတာရှိတယ်။ ပစ်မည့်နေ့ကျရင်တော့ စာတွေဘာတွေထုတ်ပြီး ကမ်းပေးမယ်လို့တော့ ပြောခဲ့တယ်”ဟုပြောသည်။

ယင်းကဲ့သို့ပစ်ခတ်စမ်းသပ်ပြုလုပ်မည့်ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်တွေမြို့နယ် ရွာပေါင်းမည်မျှကို အကြောင်းထားသည်ဆိုသည်ကို Western News သတင်းဌာနမှ သီးခြားအတည်ပြုချက်မရနိုင်သေးပါ။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းအား ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးပြုလုပ်နေကြောင်းဖုန်းကိုင်သူ တစ်ဦးကပြောသည်။ ယင်းအပြင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနေထွန်းလှိုင်အားဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပါ။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ အမှတ် ၃၁ လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွင် မေလ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ ၂ ရက်ကြာခေတ်မီလက်နက် ပစ်ခတ်မှုပြုလုပ်မည်ဟု ကျေးရွာစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌများထံ စာပို့ခဲ့သော်လည်း အဆိုပါပစ်ခတ်မှုအားပြန်လည်ရုပ်သိမ်းခဲ့သည်။

https://www.facebook.com/westernnewsagency/posts/293350565804788

Leave a Reply

Your email address will not be published.