By Western News/ 2021 May 1
ရခိုင်ပြည် စစ်တွေမြို့ရှိ အိမ်ခြံမြေဈေးနှုန်းများမှာ အတက်အကျမရှိဘဲ နှစ်အလိုက်မြင့်တက်လာမှုသာရှိနေကြောင်း အိမ်ခြံမြေ အကျိူးဆောင်လုပ်ငန်းလုပ်ကိုင်သည့်သူများက ပြောသည်။
အိမ်ခြံမြေဈေးနှုန်းများမှာ မြို့၏ အချက်အချာကျသောနေရာတွင်ဆိုလျှင် သိန်းထောင်ဂဏန်းမှ သောင်းဂဏန်း အထိရှိနေပြီး ဘိုးဘွားပိုင်ခြံမြေများဆိုလျှင် ပုံမှန်ထက်ဈေးနှုန်းများပိုမြင့်ကြောင်းသိရသည်။
စစ်တွေမြို့ကုန်တန်းရပ်ကွက် လမ်းမအနီးရှိ အလျား ၄၀’၊ အနံ ၂၇၀’ ရှိအိမ်ခြံတစ်ခြံကို သိန်း ၁၀,၀၀၀-ကျပ်၊ တရားသီးစု လမ်းမတန်းဘက်တွင် အလျား ၃၇’ အနံ ၁၂၀ ရှိအိမ်ခြံတစ်ခြံကို သိန်း ၅၀၀၀-ကျပ်၊ မြို့လယ်ရပ်ကွက်ဖြစ်သော ရူပမြောက် ရပ်ကွက်တို့တွင် အလျား ၃၅’၊ အနံ ၃၀’ အိမ်ခြံတစ်ခြံကို သိန်း ၁,၀၀၀-ကျပ်၊ မြို့အစွန်ဖက်ကျသော မင်းဂံရပ်ကွက် အကွက် (၃) တွင် အလျား ၄၀’၊ အနံ ၆၀’ ရှိအိမ်ခြံတစ်ခြံကို သိန်း ၈၅၀-ကျပ် စသည်ဖြင့်အသီးသီးရှိကြပြီး အဆိုပါဈေးနှုန်းများမှာနှစ်စဉ် မြင့်တက်မှုရှိနေကြောင်း အိမ်ခြံမြေရောင်းဝယ်သူများ ကဆိုသည်။
ယင်းကဲ့သို့မြင့်မားနေသောအိမ်ခြံမြေဈေးနှုန်းများသည် တစ်ချိန်တည်းမြင့်တက်သွားခြင်းမဟုတ်ဘဲ နှစ်အလိုက်မြင့် တက်လာခြင်းဖြစ်ကြောင်း၊ အိမ်ခြံရောင်းချသူများအနေဖြင့် အိမ်ခြံမြေ၏ဈေးနှုန်းများကို ရွှေဈေးနှုန်းနှင့် လိုက်၍ လည်းမြှင့်တင်ရောင်းချကြနေကြောင်း စစ်တွေမြို့၌ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် မခိုင်သီတာစောမှပြောသည်။
“ခြံဈေးတွေက ရွှေဈေးကွက်ကိုအခြေခံပြီး တက်တာရှိတယ်။ တစ်ချို့ခြံရောင်းသူတွေက ရွှေဈေးတက်လို့ဆိုပြီးဈေး မြင့်တောင်းတာမျိုးတွေပေါ့။ ဈေးနှုန်းတွေမြင့်လာတာကကျတော့ နှစ်အလိုက်မြင့်လာတာလို့ပြောရမှာပေါ့။ တစ်ချိန်ထိုးကြီးမြင့်တက်သွားတာမျိုးတော့မရှိဘူးလေ”ဟုဆိုသည်။
အိမ်ခြံမြေဈေးကွက်တွင် ခြံမြေများ၏ ဈေးနှုန်းမှာပုံမှန်ဟူ၍မရှိဘဲ ရောင်းသူဝယ်သူသဘောတူညီသောဈေးနှုန်း (ကြိုက်ဈေး) သဘောမျိုးသာဖြစ်ပြီး ဈေးနှုန်းမြင့်တက်ခြင်း နိမ့်ကျခြင်းမှာဝယ်ယူကြိုက်နှစ်သက်မှုများပြားသည့် အပေါ်တွင်လိုက်၍ ပြောင်းလဲကြောင်း အများပိုင်ကုမ္ပဏီမှ ဦးခင်မောင်ကြီးကပြောသည်။
“အိမ်ခြံမြေဈေးနှုန်းတွေကတော့ပုံမှန်ရယ်လို့တော့မရှိပါဘူး။ အဲဒါကြောင့်အရောင်းအဝယ်လောကမှာ အိမ်ခြံမြေ ဈေးကွက်ကို ဈေးရူးလို့ပြောကြတယ်။ ကြိုက်ဈေးသဘောမျိုးပါဘဲ ပုံမှန်ဈေးနှုန်းရယ်လို့မရှိပါဘူး”ဟုသူကပြောသည်။
ယခုကဲ့သို့ အိမ်ခြံမြေဈေးနှုန့်များမြင့်နေခြင်းကြောင့် အိမ်ခြံမြေပိုင်ဆိုင်ရန်ရုန်းကန်နေကြသော သာမန်မိသားစုများ အနေဖြင့် ခြံမြေတစ်ခုပိုင်ဆိုင်ရန်မှာ အလွန်အလှမ်းကွာဝေးနေရကြောင်း နှစ်အလိုက်မြင့်သောဈေးနှုန်းများကြောင့် လည်းခြံမြေဝယ်ယူမည့်မျှော်မှန်းချက်မှာ မထမြောက်နိုင်ကြောင်း စစ်တွေမြို့တွင်နေထိုင်သည့် မမနွယ်မှဆို သည်။
“ခြံဈေးတွေက တစ်နှစ်ထက်တစ်နှစ်တက်လာတာပဲရှိတယ်။ အဲဒါကြောင့်သာမာန်မိသားစုတွေအနေနဲ့ ခြံတစ်ခြံပိုင်ရဖို့ဆိုတာ တော်တော်အလှမ်းဝေးတယ်လို့ပြောရမယ်”ဟု၎င်းကပြောသည်။
ရခိုင်ပြည်တွင် စစ်တွေမြို့သည် စီးပွားရေး၌ အချက်အချာကျသော မြို့နယ်တစ်ခုဖြစ်ပြီး လူဉီးရေအများဆုံးနေထိုင် သောမြို့နယ် တစ်ခုလည်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/281764906963354