စစ်တွေမြို့တွင် ကိုဗစ်ပိုး ၄ ဦးတွေ့ရှိသဖြင့် Quarantine စင်တာတစ်ခုဖွင့်ရန် ပြင်ဆင်နေ

By Development Media Group (DMG)/ 2021 May 13

ရခိုင်ပြည် စစ်တွေမြို့တွင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသည့် လူ ၄ ဦးတွင် မေလ ၁၂ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိထားသဖြင့် Quarantine စင်တာတစ်ခု ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ထားသည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီထံမှ သိရသည်။

ပိုးတွေ့လူနာ ၄ ဦးမှာ ဘင်္ဂလာဒေ့ရှ်မှ ပြန်လာသူများဖြစ်ပြီး နောက်ထပ်ပိုးတွေ့လူနာများတွေ့လျှင် အဆင်အသင့်ဖြစ်နိုင်ရန်အတွက် တက္ကသိုလ်ကျောင်းဟောင်းကို Quarantine စင်တာအဖြစ် ကြိုတင်ပြင်ဆင်ထားသည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။

“မနေ့က တွေ့တဲ့ လူနာတွေကို စောင့်ကြည့်တယ်။ နောက်ပြီးတော့ နယ်စပ်ကုန်သွယ်ရေးက အဝင်အထွက်ရှိတဲ့ သူတွေကို စစ်မယ်။ အဲဒီလိုဆိုတော့ လိုအပ်ရင်တော့ Quarantine စင်တာထားပေးရမယ်။ အကုန်လုံးဖွင့်ဖို့ အတိုင်းအတာတော့ မဟုတ်သေးဘူး။ မနေ့က တွေ့တဲ့ လူတွေကလည်း သင်္ဘောပေါ်မှာပဲ ရှိတယ်။ သူတို့တွေက ကုန်းပေါ်မတက်ရဘဲ သင်္ဘောမှာ Quarantine ၁၀ ရက်ထားထားတဲ့ သူတွေပေါ့။ နောက် တကယ်လို့တွေ့လာလို့ရှိရင် ကြိုစဉ်းစားထားတာပေါ့” ဟု ပြောသည်။

ယင်းအပြင် သင်္ဘောပေါ်တွင် စောင့်ကြည့်ထားသူများမှာ ကမ်းပေါ်သို့ခိုးတက်မှုများရှိပါက ၎င်းတို့နှင့်ဆက်စပ်သူများအား Quarantine ထားပေးမည်ဖြစ်သလို  နယ်စပ်ကုန်သွယ်ရေးမှ ဝင်လာသူများကိုသာ Quarantine ထားမည်ဖြစ်ကြောင်း ဦးလှသိန်းက ဆက်လက်ပြောသည်။

“တကယ်လို့ ခိုးတက်တဲ့လူတွေ ရှိခဲ့လို့ရှိရင် သူနဲ့စကားပြောတဲ့ သူတွေကို ခေါ်စစ်ပြီးတော့ Quarantine ဝင်သင့်ရင် ဝင်ရမှာပေါ့။ နယ်စပ်ကုန်သွယ်ရေးမှအပ တခြားလေဆိပ်က လူတွေဝင်ဖို့အတွက်ကတော့ အစီအစဉ် မရှိသေးဘူး။ နယ်စပ်ကုန်သွယ်ရေးမှာ တွေ့ထားတဲ့အတွက်ကြောင့် လိုအပ်လာလို့ရှိရင် အသုံးပြုဖို့အတွက် စဉ်းစားထားတာ” ဟု ပြောသည်။
 

ပိုးတွေ့ရှိ သူများမှာလည်း ရောဂါလက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်ခြင်းမရှိဘဲ ပိုးတွေ့ရှိခြင်းသာဖြစ်ပြီး ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိသည်ဟု ဦးလှသိန်းက ပြောသည်။

လက်ရှိတွင် ကိုဗစ်ပိုးတွေ့လူနာများ တွေ့ရှိထားသော်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းအား ပိတ်သိမ်းရန် အစီအစဉ်မရှိသဖြင့် နယ်စပ်မှပြန်လာသူများအား ကမ်းပေါ်မတက်ခိုင်းဘဲ စစ်ဆေးမှုများသာ ဆက်လက်လုပ်ဆောင်သွားမည်ဟု ဦးလှသိန်းက ဆက်လက်ပြောသည်။

ယခု ပိုးတွေ့ရှိသူများသည် လှေပေါ်တွင် သီးသန့်နေခဲ့ပါက စိုးရိမ်စရာမရှိသော်လည်း တခြားသူများနှင့် ဆက်စပ်မှု ရှိခဲ့လျှင် စိုးရိမ်စရာအခြေအနေဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“ပြောနေတာကတော့ လှေပေါ်မှာပဲ သီးသန့်နေခဲ့တယ်လို့ ပြောကြတာပေါ့နော်။ အဲဒီလိုဆိုရင်တော့ အများကြီး စိုးရိမ်စရာမရှိပါဘူး။ တကယ်လို့ အဲဒီလှေပေါ်ကို ကူးတို့တွေကတဆင့် နေပြီးတော့ အဲဒီလှေတွေကို တက်မယ်။ အဲလို ဆက်စပ် ပတ်သတ်မှုတွေ ရှိနေခဲ့မယ်ဆိုလို့ရှိရင်တော့ သတိထားရမယ့် အနေအထားဖြစ်တယ်။ ဒီအခြေအနေကို အာဏာပိုင်တွေဖက်က ဘယ်လောက် သိထားသလဲပေါ့နော်။ ဒီဟာက အရေးကြီးပါတယ်” ဟု ပြောသည်။

စစ်တွေမြို့နယ်စပ်ကုန်သွယ်ရေးစခန်းအား ကိုဗစ်ဖြစ်ပွားမှုကြောင့် ၂၀၂၀ ခုနှစ်သြဂုတ်လ အတွင်းက ပိတ်ပင်ထားခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့် ဧပြီးလ ၁၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်မှ ဝင်လာသည့် သူများတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်သိမ်းရန် ဒေသခံများအနေဖြင့် လိုလားနေကြပြီး ယခုပိုးတွေ့လူနာရှိလာသဖြင့် စစ်တွေဒေသခံများအနေဖြင့် စိုးရိမ်မှုများဖြစ်ပေါ်နေကြသည်။

ရခိုင်ပြည်နယ်မှ Quarantine စင်တာများကို ကိုဗစ်ရောဂါဖြစ်ပွားမှု လျော့နည်းလာသဖြင့် ပိတ်ပင်ထားခဲ့သော်လည်း ယခုအခါ ကိုဗစ်ပိုးတွေ့လူနာတွေ့ရှိလာသဖြင့် ဖွင့်လှစ်ရခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2012371542248580

Leave a Reply

Your email address will not be published.