စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်မှပြန်လာသူ ၄၀ ထဲမှ ၄ ဦး ကိုဗစ်ပိုးတွေ့

By Development Media Group (DMG)/ 2021 May 12

စစ်တွေမြို့နယ် ရွှေမင်းဂံစပ်ကုန်သွယ်ရေးစခန်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသူ ၄၀ ထဲမှ ၄ ဦးထံ ကိုဗစ်ပိုးတွေ့ရှိသည်ဟု ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “သင်္ဘောလေးစီးက လူ ၄၀ စစ်တာ လေးယောက်တွေ့တယ်။ ကိုဗစ်လူနာအတိုင်းပေါ့။ ဆေးရုံမှာ ထားမှာပေါ့။ သင်္ဘော ဝင်လာကတည်းက ကမ်းကိုကပ်ခွင့်မပေးဘဲနဲ့ Quarantine ထားထားတာ။ အဲဒီထဲကမှ နှာခေါင်းတို့ဖတ် ယူထားတာဆိုတော့ အဲဆက်စပ်တဲ့ သူတွေက Quarantine မှာ ရှိမှာပဲ။ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ ရခိုင်လူမျိုးသင်္ဘောသားတွေပေါ့။ ဆေးရုံကို ခေါ်ဖို့လုပ်နေတယ်”ဟု ပြောသည်။

ယင်း လူ ၄၀ ဦးကို နေ့မေလ ၁၁ ရက်နေ့က နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်များယူကာ ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်ထားခြင်း၊ နယ်စပ်ကုန်သွယ်ရေးဂိတ်သည် တရားဝင်ကုန်သွယ်ရေးဖြစ်သဖြင့် ဝင်လာသည့်သူများမှာ ကမ်းပေါ်မတက်မီ ကျန်းမာရေးဌာနအား သတင်းပေးပို့ရပြီး ဝင်လာသည့်သူများအား ကန့်သတ်နယ်မြေတွင် Quarantine ထားကာ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်သို့ ကိုဗစ်ရောဂါကူးစက်မှု မရှိစေရန် အဝင်အထွက်စစ်ဆေးရေးဂိတ်များကို ယခင်ကအတိုင်း စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေါက်တာစိုးဝင်းပိုင်က ဆက်လက်ပြောသည်။

“ဘူးသီးတောင်၊ မောင်တောဒေသမှာ ခိုးဝင်တဲ့ သူတွေရှိရင်လည်း ရပ်ကွက်က သတင်းပေးတယ်။ သတင်းပေးရင်တော့ ကျနော်တို့ Quarantine ထားတယ်။ တို့ဖတ်ယူတယ်ပေါ့။ တကယ်လို့ ပိုးတွေ့လူနာ တွေ့ရင်လည်း သူရဲ့ Contact တွေကို လိုက်ရှာတယ်။ နဂိုအတိုင်းပဲ ကျနော်တို့ ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ မကူးစက်အောင်တော့ တားနေတယ်။ ဒါပေမယ့် လူမှုဆက်စပ်မှုသဘောသဘာဝအရ မကူးပါနဲ့လို့လည်း တွက်ထားတယ်လို့မရဘူး”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလိုင်းတုန်းကလည်း နယ်စပ်ကုန်သွယ်ရေးသင်္ဘောမှတစ်ဆင့် ဝင်လာသည့် သူတစ်ဦးထံတွင် ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့သဖြင့် ကိုဗစ်ရောဂါပျံနှံ့လာမှာကို စိုးရိမ်၍ နယ်စပ်ကုန်သွယ်ရေးဂိတ်များကို အခု ပိတ်သိမ်းရန် အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်းပြောဆိုထားကြသည်။

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံများတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်တက်လာနေသဖြင့် ကုန်သွယ်ရေးသင်္ဘောများမှတစ်ဆင့် ရခိုင်ပြည်နယ်သို့ ကိုဗစ်ရောဂါ ကူးစက်လာမည်ကို ပြည်သူလူထုများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားသူ လေးသိန်းကျော်၊ သေဆုံးသူလေးထောင်ကျော်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်ကူးစက်သူ တစ်ထောင်ကျော်နှင့် သေဆုံးသူ ၅၆ ဦးအထိ ရှိနေသည်။

https://www.facebook.com/dmgnewsagency/posts/2011694225649645

Leave a Reply

Your email address will not be published.