စစ်တွေတွင် ဖွင့်လှစ်ထားသည့်အခမဲ့ဆေးခန်းသို့ ၅ရက်အတွင်း လူနာ ၁၀၀ ကျော်လာရောက်ပြသ

By Narinjara/ 2021 May 8

သျှင်မင်းဇံ၊ ထွန်းခိုင် (တောင်ရင်းကျွန်း)

လူမျိုးမရွေး၊ ဘာသာမရွေး ငွေကြေးမတတ်နိုင်သူများအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် စစ်တွေမြို့မှ Food Not Bombs Rakhine Free Clinic အခမဲ့ဆေးခန်းသို့ (၅) ရက်အတွင်း ရောဂါဝေဒနာရှင် ၁၀၀ ကျော်လာရောက်ပြသခဲ့သည်ဟု သတင်းရရှိသည်။

အခမဲ့ဆေးခန်းတည်ထောင်သူတစ်ဦးဖြစ်သည့် ကိုစည်သူအောင်က“ အခုကုသပေးနေတဲ့ ဆရာဝန်က တစ်ယောက်တည်းဆိုတော့ တစ်ရက်ကို လူနာ ၂၅ ယောက်လောက်ပေးကြည့်နိုင်သေးပါတယ်။ ၂၅ ယောက်ထက်ပိုသွားရင်  နောက်တစ်နေ့မှာ ကြိုတင်စာရင်းပေးပြီး ကုပေးတယ်။ အခုလောလောဆယ်တော့ လူနာ ၁၀၀ လောက်ကို ကုသပေးပြီးပြီ”  ဟု ဆိုသည်။

ဆေးခန်းကို ဦးဆောင်ဖွင့်လှစ်ရာတွင် ပါဝင်သူတစ်ယောက်လည်းဖြစ်သော အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ကျော်ဇော်သန့်တစ်ဦးတည်းဖြင့်  တစ်ပတ်လျှင် ၃ ရက် (တနင်္လာ၊ ဗုဒ္ဓဟူးနှင့်‌ သောကြာ) ဖွင့်လှစ်ပြီး နေ့လယ် ၁ နာရီမှ ည ၃ နာရီအထိ ကုသပေးလျှက်ရှိကြောင်း သိရသည်။

“  လူနာတွေလည်း လာပြကြတာများပါတယ်။ နောက်ထပ် ဆရာဝန်တွေကို ကျွန်တော်တို့ ညဏ်ပူဇော်ခလေးပေးပြီး အလှည့်ကျလာရောက် ကုပပေးနိုင်အောင် ကြိုးစားနေပါတယ်” ဟု ပြောသည်။

ယင်းဆေးခန်း၌ အဓိကအားဖြင့် အထွေထွေရောဂါများကို အဓိကထား အထူးကုသပေးနေပြီး အခြားသော ရောဂါကြီးများကို ကုသမပေးနိုင်သော်လည်း သက်ဆိုင်ရာဆရာဝန်များထံသို့ ညွှန်ပေးနိုင်သည့် အခြေအနေသာ ရှိကြောင်း သိရသည်။

ကိုစည်သူအောင်က “ကျွန်တော်တို့ နိုင်ငံက ဆင်းရဲတဲ့ပေါ့နော်။ ချမ်းသာတဲ့ သူတွေက ငွေကြေးအကုန်ကျခံပြီး ကုသမှုတွေခံယူနိုင်တယ်။ ဒါပေမဲ့ မရှိဆင်းရဲသူတွေကတော့ ငွေကြေးအကုန်ကျခံမကုသနိုင်တော့ သူတွေအတွက် အခက်အခဲတစ်ခုဖြစ်နေတယ်။ သူတွေရဲ့ အခက်အခဲတစ်ခုကို လူသားဆန်းမှု ပီပီနဲ့ အခြေခံလူတန်းစားတွေအတွက် အဓိကထား ရည်ရွယ်ပြီး လုပ်ဖြစ်တာပါ”ဟု နိရဉ္စရာကို ပြောသည်။

အမေနှင့်ကလေးရော နေမကောင်းဖြစ်နေသည့် ကုန်တန်းရပ်ကွက်နေ မသီတာလှိုင်က “ သမီးလေးဖျားနေတာ တစ်ပတ်လောက်ရှိပြီး ကျွန်မကလည်း ခေါင်းတွေမူးတယ်၊ ကိုယ်တွေ ကိုက်တယ်။ အိမ်နားက အစ်မတစ်ပြောလို့ အခမဲ့ ဆေးခန်းပြလို့ရတယ်ဆိုလို ပြလာတာပါ။ လက်လုပ်လက်စားတွေက တစ်ရှာမှာ တစ်ရက်စားတာကို ဒီလို့မျိုး ဆေးခန်းဖွင့်ထားတော့ ကောင်းပါတယ်” ဟု ပြောသည်။

လာရောက်ပြသသည့် လူနာများအနေဖြင့် Food Not Bombs-Rakhine Free Clinic ရဲ့ အခမဲ့ဆေးခန်းကို ဆက်လက်ဖွင့်လှစ်ထားဖို့လိုလာတောင်းတာနေကြသော်လည်း ဆေးဝါးမပြည့်စုံမှုနှင့် လာမည့် မိုးရာသီ၌ အခမဲ့ဆေးခန်းလေးကို ဖွင့်ချင်သော်လည်း နေထိုင်ခင်း အဆင်မပြေမှုကြောင်း ရေရှည်မှာ ဆက်လက်ဖွင့်လှစ်နိုင်ဖို့ရန် အဟန်အတားဖြစ်မည်ကို စိုးရိမ်နေကြသည်ဟု သိရှိရသည်။

၎င်းအခမဲ့ဆေးခန်းငယ်ကို လူငယ်များက ကိုယ်ထူကိုယ်ထ ဦးစီးပြီး စစ်တွေမြို့ ကုန်တန်းရပ်ကွက် စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတိုက်၌ မေလ ၃ ရက်နေ့က ဖွင့်လှစ်ထားခဲ့သည်။

https://www.facebook.com/narinjara.info/posts/4295521157126595

Leave a Reply

Your email address will not be published.