စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမ ၃၅ ဦးကို CDM ပြုလုပ်သည်ဟုဆိုကာ တာဝန်မှယာယီရပ်ဆိုင်း

By Development Media Group (DMG)/ 2021 May 7

ရခိုင်ပြည်နယ်၊ စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမ ၃၅ ဦးအား ရုံးမတက်ရောက်ဘဲ CDM လုပ်သည်ဟုဆိုကာ တာဝန်မှယာယီရပ်ဆိုင်းလိုက်ကြောင်း စစ်တွေတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော် လက်မှတ်ရေးထိုးထားသည့် ရုံးအမိန့်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအမိန့်စာတွင် ၃-၅-၂၀၂၁ ရက်နေ့တွင် ရုံးတက်ရောက်ရန် အကြောင်းမဲ့ပျက်ကွက်နေသူများအား ထိုနေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ပါရှိသည်။

တပ်မတော်က အာဏာရယူလိုက်သည့်နေ့မှစ၍ တက္ကသိုလ်ကျောင်းတွင် CDM ပြုလုပ်သည့် ဆရာ၊ ဆရာမ များကို စာရင်းကောက်ယူကာ နေ့စဉ်ပေးပို့ခဲ့ရပြီး ယခုတာဝန်မှရပ်ဆိုင်းခံလိုက်ရသူ ၃၅ ဦးမှာ အဆိုပါစာရင်း ထဲတွင် ပါဝင်နေသူများဖြစ်ကြောင်း စစ်တွေတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။

“အရင်တုန်းကဆိုရင် ကျနော်တို့ကျောင်းမှာ ဘယ်သူ CDM လုပ်တယ်၊ မလုပ်ဘူးဆိုတာကို စာရင်းကောက်ပြီး တောက်လျှောက်ပို့ပေးရတယ်။ ပြန်ဝင်ရင်လည်း ပြန်ဝင်လာတဲ့အကြောင်း၊ မဝင်ရင်မဝင်တဲ့အကြောင်း နေ့တိုင်း ပို့ရပါတယ်။ အဲဒီလို CDM လုပ်သူတွေကို တာဝန်ကယာယီရပ်ဆိုင်းလိုက်ပြီးတော့ စုံစမ်းစစ်ဆေးမှု လုပ်ပေး ရမယ်။ ပြီးတော့ တာဝန်ကရပ်ဆိုင်းတဲ့အမိန့်စာကို ၆ ရက်နေ့ အမှီထုတ်ပေးရမယ်ဆိုပြီး ပညာရေးဝန်ကြီး ဌာနက ညွှန်ကြားချက်ထုတ်တယ်။ အဲဒီညွှန်ကြားချက်တွေအတိုင်း ကျနော်တို့က လိုက်နာဆောင်ရွက်ရတဲ့ သဘောပါပဲ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အထက်ညွှန်ကြားချက်အရ ဆရာ၊ဆရာမ ၃၅ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ရသော်လည်း ၎င်းတို့နှင့်ပတ်သက်၍ မည်သို့ဆက်လက်လုပ်ဆောင်သွားမည်ကို မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။

တာဝန်မှရပ်ဆိုင်းခံလိုက်ရသူများထဲတွင် ဒေါ်ရည်မွန်ဦး (တွဲဖက်ပါမောက္ခ၊အင်္ဂလိပ်စာဌာန)၊ ဒေါက်တာဝင်းမြိုင် (တွဲဖက်ပါမောက္ခ၊ပထဝီဝင်)၊ ဦးစစ်သူအောင်(ကထိက၊အဏ္ဏဝါသိပ္ပံ)၊ ဒေါက်တာကျော်မင်းနိုင် (တွဲဖက် ပါမောက္ခ၊မြန်မာစာ)၊ ဒေါက်တာတင်တင်လတ်(ပါမောက္ခ၊ဒဿနိကဗေဒ)၊ ဒေါက်တာခင်မြင့်အေး (ပါမောက္ခ (ဌာနမှူး)၊ပထဝီဝင်)၊ ဒေါက်တာငယ်ငယ်အောင်(တွဲဖက်ပါမောက္ခ၊ သမိုင်း)၊ ဒေါ်သန်းစိန်(ကထိက၊ရုက္ခဗေဒ)တို့ အပါအဝင် ဆရာ၊ဆရာမ(၃၅)ဦးတို့ ဖြစ်ကြသည်။

စစ်တွေတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ဆရာ၊ ဆရာမများမှာ ပြစ်မှုကျူးလွန်ခြင်း မဟုတ်သည့်အတွက် ယခုကဲ့သို့ တာဝန်မှရပ်စဲခံရခြင်းမှာ မဖြစ်သင့်ကြောင်း ဆိုသည်။

“လက်ရှိအာဏာသိမ်းထားတဲ့သူတွေအနေနဲ့လည်း ဖိနှိပ်ချင်တဲ့ သဘောတစ်စုံတစ်ရာရှိကောင်းရှိမှာပေါ့။ ဘာပဲ ဖြစ်ဖြစ် ဒီဆရာ၊ ဆရာမတွေနဲ့ပတ်သက်ပြီးတော့ တချိန်ချိန်မှာ အခက်အခဲအကျပ်အတည်းဖြစ်လာမယ်ဆိုရင် ကျနော်တို့အနေနဲ့ ခိုလှုံခွင့်ပေးရတာပဲဖြစ်ဖြစ်၊ ဆုံးခန်းတိုင်အောင်ထိတော့ ကူညီပေးသွားမယ်။ နောက်ပြီးတော့ သက်ဆိုင်ရာလူတွေအနေနဲ့လည်း ကိုယ်လုပ်လိုက်တဲ့လုပ်ရပ်ဟာ မှန်ကန်မှုရှိ၊ မရှိကို အမြဲတမ်းတွေးကြည့်စေ ချင်တယ်” ဟု ၎င်းကဆိုသည်။

စစ်တွေတက္ကသိုလ်မှ ဆရာ၊ဆရာမအချို့မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အာဏာရှင်ဟူသမျှ ဆန့်ကျင်ကြ၊ ဥပဒေနှင့်မညီသော အာဏာသိမ်းခြင်းကိုကန့်ကွက်သည်၊ အာဏာရှင်စနစ်အလိုမရှိ စသည့် ဆိုင်းဘုတ်များကိုကိုင်ကာ စစ်တွေတက္ကသိုလ်ကျောင်းဝန်းအတွင်း ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။

အလားတူ ရန်ကုန်တက္ကသိုလ်တွင်လည်း ခွင့်စည်းကမ်းကိုဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်နေသည်ဟုဆိုကာ ဆရာ၊ ဆရာမ ၃၃၉ ဦးကို မေလ ၅ ရက် နေ့တွင် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ တာဝန်မှရပ်ဆိုင်းခံရသည့် ဆရာ၊ ဆရာများတွင် နည်းပြဆရာ၊ ဆရာမများ၊ ပါမောက္ခဌာနမှူးများ၊ အဆောင်မှူးများ အများအပြားပါဝင်ခဲ့ကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2007826199369781

Leave a Reply

Your email address will not be published.