စစ်တွေတက္ကသိုလ်တွင် ကျောင်းသား ၅၅ ဒဿမ ၆၂ ရာခိုင်နှုန်းတက်ရောက်

By Western News/ 2021 May 5

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်၌ ယနေ့ မေလ ၅ ရက်နေ့ ပြန်လည်ဖွင့်လှစ်သည့်နေ့တွင် ကျောင်းသား/သူ စုစုပေါင်း ၅၅ ဒဿမ ၆၂ ရာခိုင်နှုန်းတက်ရောက်မှုရှိကြောင်း တာဝန်ရှိသူများကပြောသည်။

နောက်ဆုံးနှစ် မဟာတန်း(ရေးဖြေ)နှင့် နောက်ဆုံးနှစ် ကျောင်းသား/သူ စုစုပေါင်း ၉၀၁ဦးရှိပြီး ယင်းထဲတွင် ၅၁၀ ဦးမှာကျောင်းတက်ရောက်ပြီး ၄၀၇ဦး ပျက်ကွတ်ကြောင်း စစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးကပြောသည်။

“ကျွန်တော်တို့မှာ စာရင်းအရဆိုရင် ကျောင်းသား/သူစုစုပေါင်း ၉၁၇ ဦးရှိပါတယ်။ ဒီနေ့တော့ ၅၁၀ ဦး တက် ရောက်တာပေါ့။ ပျက်ကွက်တာက ၄၀၇ ဦး ပေါ့။ ရာခိုင်နှုန်းအရ ဆိုရင် ကျောင်းတက်နှုန်းက ၅၅.၆၂ရာခိုင်နှုန်း တက်ရောက်တာပေါ့။သင်ကြားမှုတွေကလည်းဒီနေ့စပါပြီ။ အတန်းတွေမှာလည်း ခုံတစ်တန်းမှာ ၂ ဦးစီပဲ တက်ထိုင်ခိုင်းပါတယ် ”ဟုပြောသည်။

စစ်တွေတက္ကသိုလ်ကိုပြီးခဲ့သည့် ၂၀၂၀ခုနှစ် မတ်လအတွင်းက ကိုဗစ် ၁၉ ရောဂါကြောင့် နှစ်ဝက်စာမေးပွဲ စစ်နေ စဉ်အတွင်း ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပုဏ္ဏားကျွန်း၊ကျောက်တော်၊ရသေ့တောင်၊ မြောက်ဦးနှင့် မြို့နယ်တစ်ချို့မှ ဒေသခံအများစုမှာ စစ်ဘေးရှောင်နေရသည့်အတွက် တက္ကသိုလ်ဆက် မတက်နိုင်သည့် ကျောင်းသား/သူ များလည်းရှိနေသည်။

ယနေ့ကျောင်းတက်ရောက်လာသည့် မဟာတန်းကျောင်းသူတစ်ဦးက ကျောင်းမပြီးဘဲနေရသည့်အခါ အလုပ်အကိုင်အခွင့်အလမ်းလျှောက်ရာတွင်အခက်အခဲဖြစ်နေသည့်အတွက် အလုပ်အကိုင် အခွင့် အလမ်းအဆင်ပြေစေရန်ယခုကဲ့သို့ ကျောင်းတက်ရောက်ရခြင်းဖြစ်ကြောင်းပြောသည်။

စစ်တွေတက္ကသိုလ်ကျောင်းသား သမဂ္ဂမှ ဥက္ကဌ ကိုတိုးတိုးအောင်က “တစ်ချို့ကတော့တက်ကြတယ်။ တစ်ချို့က မတက်ကြသေးဘူးပေါ့။ တစ်ယောက်စိတ်နဲ့တစ်ယောက်စိတ်ကတော့ မတူဘူးပေါ့။ ကျောင်းတက်တဲ့ သူတွေမှာ လည်း သူတို့ခံစားချက်နဲ့သူတို့ရှိမှာပေါ့။ကျောင်းတက်တာ/မတက်တာနဲ့ပတ်သတ်ပြီးတော့တော့ အကောင်း/အဆိုး မပြောလိုပါဘူး။ ပြည်မအခြေအနေနဲ့ ဒီမှာ အခြေအနေကမတူဘူးပေါ့။အဓိကတော့ တက်ရောက်ကြတာကတော့ နယ်ဖက်သူတွေလည်းတက်ကြတာပေါ့။ ဒီကြားထဲ အင်တာနက်က တောက်လျှောက်ပိတ်ထားတော့ ပြည်မအခြအ နေတွေမသိလောက်ဘူး။ ပြီးတော့တိုက်ပွဲဖြစ်တုန်းက အခက်အခဲတွေကြောင့် ကျောင်းမတက်နိုင်ပေမယ့် တိုက်ပွဲ ရပ်တန့်နေတဲ့ကာလမှာ အလုပ်အကိုင်တွေအနည်းငယ်အဆင်ပြေတာကြောင့် ကျောင်းတက်ကြတာလည်း ရှိမယ်”ဟုပြောသည်။

လက်ရှိတွင် တက္ကသိုလ်စဖွင့်သည့် ပထမရက်သာဖြစ်သည့်အတွက် ကျောင်းသား/သူ များမှတက်ရောက်မှု နည်းနေသေးကြောင်း လာမည့် တနင်္လာနေ့ခန့်တွင် အလုံးစုံတက်ရောက်ကြမည်ဟုခန့်မှန်းထားကြောင်းစစ်တွေတက္ကသိုလ်မှ သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးကပြောသည်။

မေလ ၅ ရက်နေ့ တက္ကသိုလ်ပြန်လည်ဖွင့်လှစ်သော်လည်း အတန်းအားလုံးမဟုတ်ဘဲ နောက်ဆုံးနှစ်ကျောင်းသား /သူများနှင့် မဟာတန်းကျောင်းသား /များသာတက်ရောက်ရမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြေညာထားသည်။

ယခုတက်ရောက်သော အတန်းများမှာ Day ကျောင်းသား/သူများဖြစ်ပြီး အဝေးသင် ကျောင်းသား/သူများ နှင့်ပတ်သတ်၍ ညွှန်ကြားချက်ထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။

https://www.facebook.com/westernnewsagency/posts/284205223385989

Leave a Reply

Your email address will not be published.