By Narinjara/ 2021 May 9
ထက်အောင်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စပါးထားကျေးရွာတွင် ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သည့်ပေါက်ကွဲမအတွင်း ဒဏ်ရာပြင်းထန်စွာရရှိသွားသူ (၃)ဦးသည် စစ်တွေဆေးရုံတွင် တက်ရောက်ဆေးကုသခံယူနေရကြောင်း သတင်းရရှိသည်။
၎င်းတို့ (၃)ဦးမှာ မင်းပြားမြို့နယ် စပါးထားကျေးရွာမှ ဦးစိန်လှိုင် (၄၂) နှစ်၊ ဒေါ်လှစိန်နု (၇၈) နှစ်နှင့် ဦးအောင်ကျော်ညွန့် (၄၂) နှစ်တို့ ဖြစ်ကြသည်။
ထိုထဲမှ ဦးစိန်လှိုင်တွင် ညာခြေတစ်ဖက်စွန့်လွှတ်ရဖွယ်ရှိကြောင်း အစ်ကို ဦးကျော်သန်းက ပြောပြသည်။
ဦးကျော်သန်းက ” ကျနော့်ညီရဲ့ အဖြစ်က ဘဝဆုံးပြီ။ အနာဂတ်အတွက်ဘယ်လို ရှေ့ဆက်မလဲ။ သူ့မိသားစုအနာဂတ်၊ သားသမီတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ သူ့ရဲ့ ရှင်သန်ရေး၊ စားဝတ်နေရေးအတွက် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဒါက တိုက်ပွဲကျလို့ဖြစ်ရတာ။ အဲဒီကျည်က ဘယ်သူ့ဆီက ပစ်တယ်ဆိုတာ ကျည်ကိုစမ်းသပ်ကြည့်ရင် အဖြေကပိုတိကျနိုင်တယ်။ အဲဒီ လက်နက်ကျည်ကို အသုံးပြုခဲ့တဲ့လူတွေကိုပဲ ကျနော်တို့အပြစ်တင်ချင်တယ်။” ဟု ပြောသည်။
၎င်းတို့ (၃)ဦးသည် မေလ ၇ ရက်နေ့ ညနေပိုင်းက စပါးထားကျေးရွာအတွင်း စစ်ကျန်လက်နက်ကျည်တစ်လုံး ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူများဖြစ်သည်။
ယင်းနေ့ နံနက်ပိုင်းက ဦးစိန်လှိုင်သည် စပါးထားကျေးရွာ၏ တောင်ဘက် ၁ ဖာလုံခန့်အကွာရှိ လယ်ကွင်းမှ စစ်လက်ကျန်ဗုံးသီးဟောင်းတစ်လုံးကိုကောက်ယူခဲ့ပြီး နေအိမ်ကိုအဝင်၌ ရေသောက်ရာ အဆိုပါဗုံးသီးမှာ ဘေးလွယ်အိတ်ထဲမှပြုတ်ကျရာမှ မြေနဲ့ထိ၍ ပေါက်ကွဲခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
ဒဏ်ရာရလူနာ ဦးအောင်ကျော်ညွန့်၏ ယောက်ဖဖြစ်သူ ဦးကျော်စောက ” သူ့ဒဏ်ရာအခြေအနေကတော့ ပြင်းတယ်။ ဆရာဝန်ကလည်း ဒဏ်ရာအခြေအနေ မပြောသေးဘူး။ သူတို့မိသားစုအခြေအနေကတော့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝတွေပါ။ စစ်တွေဆေးရုံကိုလာဖို့ ငွေမရှိလို့ သူများဆီက ငွေကျပ် ၁သိန်းခွဲချေးငှားခဲ့ရတယ်။ တတ်နိုင်တဲ့လူတွေဆီက အကူအညီရရင်လိုချင်ပါတယ်။” ဟု ဆိုသည်။
မင်းပြားမြို့နယ် ၊ စပါးထားကျေးရွာတွင် ပြီးခဲ့သည့်နှစ်ကလည်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ ဒဏ်ရာရသူ အများအပြားနှင့် လူသေဆုံးမှုများရှိသည်အထိ ဖြစ်ခဲ့ဖူးသည်။
https://www.facebook.com/narinjara.info/posts/4298778603467517