By Irrawaddy/ 2021 May 19

စစ်ကောင်စီက ခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရန် ဖိတ်ကြားထားမှုအား တိုင်းရင်းသားအင်အားကြီး ပါတီနှစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ တက်ရောက်မည် မဟုတ်ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမည့် မေ ၂၁ ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးရန် နိုင်ငံရေးပါတီများ အား ဖိတ်ကြားထားခြင်း ဖြစ်သည်။
ANP ပါတီ နိုင်ငံရေးမူဝါဒရေးရာကော်မတီဝင် ဦထွန်းအောင်ကျော်က “ကျနော်တော့ ပါတီအစည်းအဝေးကို မတက်ရောက် နိုင်ခဲ့ဘူး။ ပါတီကတော့ ကျနော့်ကို အကြောင်းကြားတယ်။ အခုအခြေအနေအရ UEC အစည်းအဝေးကို မတက်ရောက်ဘူး လို့ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်တယ်လို့ ကျနော်ကို ပြောတယ်။ မတက်တဲ့ အကြောင်းရင်း ကတော့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေရော၊ နေပြည်တော်ကိုသွားမယ့် လမ်းခရီးကိစ္စတွေပါ ထည့်တွက်ပြီး မတက်ရောက် ခြင်း ဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီနှင့် လက်ရှိ အချိန်အထိ တရားဝင် လက်တွဲထားသေးသည့် ANP အနေဖြင့် UEC က ဖိတ်ခေါ်သည့် အစည်း အဝေးကို မတက်ရောက်ရန် မည်သည့်အတွက်ကြောင့် ဆုံးဖြတ်ခဲ့သည်ကို အသေးစိတ်မေးမြန်းရန် ပါတီပြောရေးဆိုခွင့်ရှိ သူ ဦးဖေသန်းအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ အစည်းအဝေး မတက်ရောက်ရန် ဆုံးဖြတ်သည်ဟုသာ သတင်း ကြားရပြီး ပါတီမှ တစုံတရာ အသိပေး အကြောင်းကြားခြင်းမရှိဟုသာ ပြောဆိုသည်။
ရခိုင်အမျိုးသားပါတီသည် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖေဖေါ်ဝါရီ ၄ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ(ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်)ထံ လိပ်မူပြီး ANP ပါတီကို ပြည်နယ်ကောင်စီဥက္ကဋ္ဌ နေရာနှင့် ကောင်စီအဖွဲ့ဝင်၂ နေရာပေးရန်၊ ပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာ အများစုကို ရခိုင်အမျိုးသား ပါတီဝင်များ အား ခန့်အပ်တာဝန်ပေး ရန်၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ရှိ စီမံအုပ်ချုပ်ရေး ကောင်စီတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားပြု ပါဝင်နိုင်ရေးကို ဆောင်ရွက်ပေးရန် စာပေးပို့ တောင်းဆိုခဲ့သည်။
ထို့အပြင် ပါတီ၏ ထိပ်တန်းခေါင်းဆောင် ဒေါ်အေးနုစိန်နှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့တွင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်တို့က စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။
သို့သော် ANP မှ တောင်းဆိုထားသည်များကို စစ်ကောင်စီက လျစ်လျူရှု့ထားသည့်အတွက် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ကာ ပါတီအတွင်း စစ်ကောင်စီနှင့် ဆက်လက် လက်တွဲရေး မတွဲရေး ခေါင်းဆောင်းပိုင်းများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကမူ စစ်ကောင်စီ သွားနေသည့်လမ်းမှာ ပါတီမူဝါဒနှင့် ကိုက်ညီမှု မရှိသည့်အတွက် UEC အစည်းအဝေးကို မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်း လိတ်က ဆိုသည်။
ဦးစိုင်းလိတ်က “ကျနော်တို့မတက်ဘူး။ ဘာကြောင့် မတက်လဲဆိုရင် ပြီးခဲ့တဲ့အခေါက် ဖိတ်ကတည်းကလည်း ကျနော်တို့ အတိကျ ပြောထားပြီးပါပြီ။ တပ်မတော်ရဲ့ သွားနေတဲ့လမ်းကြောင်းနဲ့ ကျနော်တို့ ပါတီရဲ့ နိုင်ငံရေး ရည်မှန်းချက်၊ ပါတီရဲ့မူဝါဒ သဘောထားနဲ့ မကိုက်ညီဘူး။ ဒါကြောင့် သူတို့ ဖိတ်ခေါ်တဲ့ အစည်းအဝေးကိုလည်း ကျနော်တို့ တက်ရောက်မှာ မဟုတ်ဘူး လို့ ဒီအတိုင်းပဲ ဆုံးဖြတ်ထားတယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီက ဖွဲ့စည်းထားသည့် UEC ၏ ဖိတ်ကြားချက်အား ငြင်းပယ်ခဲ့သည့်အတွက် ပါတီအပေါ် တစုံတရာ ရိုက်ခတ်မှု ဖြစ်ပေါ်လာနိုင်သလား ဟူသည့် မေးခွန်းနှင့်ပတ်သက်၍ ဦးစိုင်းလိတ်က စစ်ကောင်စီအပေါ်၌သာ မူတည်သည်ဟု ဆိုသည်။
“ရိုက်ခတ်မှု ဖြစ်မလားဆိုတာ သူတို့ (စစ်ကောင်စီ) ပြုမှုဆောင်ရွက်ချက်အပေါ်မှာ မူတည်တယ်။ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်ရေး၊ ဒီမိုကရေစီစံချိန်စံညွန်းနဲ့ ကိုက်ညီတဲ့ တန်းတူညီမျှမှုကို အာမခံချက်ရှိတဲ့ အခင်းအကျင်းမျိုး ကို ဖော်ဆောင်နိုင်မယ့် အနေအထားဆိုရင် လူထုဆန္ဒအရ ဆက်လက် လုပ်ဆောင်သွားရမှာပေါ့။ အဲဒီပုံစံနဲ့ သွေဖယ်တယ်။ မကိုက်ညီဘူး ဆိုလို့ရှိရင်တော့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် လက်တွဲဆောင်ရွက်ဖို့ အဆင်မပြေပါဘူး” ဟုလည်း ၎င်း က ပြောသည်။
ရခိုင်အမျိုးသားပါတီ ANP အနေဖြင့်လည်း ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ပါတီတခုဖြစ်သလို ဥပဒေနှင့် ဆန့်ကျင်သော ကိစ္စရပ်များကိုလည်း လုပ်ဆောင်ခြင်း မရှိသောကြောင့် ရိုက်ခတ်မှု မရှိလာနိုင်ကြောင်း ပါတီမူဝါဒရေးရာ ကော်မတီဝင် ဦးထွန်းအောင်ကျော်က ဆိုသည်။
တခြားသော ရခိုင်ပါတီတခုဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)ကမူ ဖေဖေါ်ဝါရီလ ၂၆ရက်က ပြုလုပ်သည့် စစ်ကောင်စီခန့် UEC နှင့် ပါတီများ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတည်းက တက်ရောက်ရန် ငြင်းထားပြီးဖြစ်သည်။
တဖက်တွင်လည်း နိုင်ငံတဝှမ်း စစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပေါ်နေချိန် စစ်ကောင်စီက ခန့်အပ်ထားသည့် UEC နှင့် တွေ့ဆုံပွဲသို့ တက်ရောက်မည့် နိုင်ငံရေးပါတီများကလည်း အမြောက်အမြား ရှိနေသည်။
NLD အစိုးရလက်ထက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး မကြာသေးမီကမှ ပြန်လွတ်လာသည့် ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ တက်ရောက်ရန် စာရင်းပေးထားပြီး ဖြစ်ကြောင်း သိရသည်။
“ပါတီဥက္ကဋ္ဌ အနေနဲ့ တက်ဖို့စာရင်းပေးထားပြီးပြီ။ ကျနော်တို့က မှတ်ပုံတင်ထားတဲ့ပါတီ UEC က ဘယ်သူပဲတက်တက် လက်ရှိအတိုင်းပဲ ဖိတ်တယ်။ အခြေအနေ တက်ဖို့ အကြောင်းအရင်းခံရှိရင် တက်မယ်။ အကြောင်းကြောင်းကြောင့် တက်ဖို့ မဖြစ်ရင် မတက်။ ကျနော်တို့ကတော့ အဆင်ပြေလို့ တက်တာ။ စစ်ကောင်စီတို့၊ NLD တို့ မဆိုင်ဘူး။ ကျနော်တို့က ဘယ် ဘက်ကမှ မပါဘူး” ဟု ဒေါက်တာအေးမောင်က ပြောသည်။
အလားတူ မွန်ညီညွတ်ရေးပါတီ (MUP)ကလည်း နိုင်ငံရေးပါတီများသည် UEC လက်အောက်တွင် ရှိသည့်အတွက် ဖိတ် ကြားမှုရှိလျှင် သွားတက်မည်ဖြစ်ကြောင်း ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောသည်။
အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးမည့် ကိစ္စ ဆွေးနွေးမည်ဟု ကြားသိရသော်လည်း ဖိတ်စာထဲတွင် မည်သည့် အကြောင်းအရာ ဆွေးနွေးမည်ဟု ရေးမထားသောကြောင့် အတိအကျ မသိသေးဟုလည်း ၎င်းက ဆိုသည်။
စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းယူပြီးနောက် ရွေးကောက်ပွဲ ကျင်းပပေးပြီး မဲနိုင်သည့် ပါတီအား အာဏာ ပြန်လည် လွှဲပေးမည်ဆိုခြင်းမှာ ယုံကြည်ရန် ခက်ခဲကြောင်း၊ စစ်တပ်မဟာမိတ်ပါတီများကိုသာ အမတ် အရေအတွက် အနိုင် ရရှိရန် အားထုတ်ကာ ရွေးကောက်ပွဲ ပြုလုပ်ပေးမည့် အခြေအနေသာ မြင်တွေ့နေရကြောင်း ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းကြည်က သုံးသပ်ပြောဆိုသည်။
၎င်းက “ဒီတကြိမ် ANP အစည်းအဝေး မတက်ဘူးဆိုတဲ့အပေါ်တော့ ကျနော်အနေနဲ့ ကြိုဆိုတယ်။ ANP သည် ရခိုင်အမျိုး သားပါတီ ဖြစ်တဲ့အတွက် ရခိုင်လူထုကို ကိုယ်စားပြုတဲ့ပါတီ ဖြစ်သင့်တယ်။ နောက်တခုက စစ်ကောင်စီက ရွေးကောက် ပွဲ ကျင်းပပေးပြီး အာဏာလွှဲပေးမယ်ဆိုတာ လွယ်မလား။ မြင်နေရတာက PR စနစ်ကို ကျင့်သုံးပြီး သူတို့နဲ့ မဟာမိတ်ပါတီ တွေ အနိုင်ရအောင်၊ လွှမ်းမိုးအောင်လုပ်မှာ။ ဒီလို စစ်တပ်ရဲ့ လှောင်အိမ်ထဲက မလွတ်ဘဲ တိုင်းရင်းသားပါတီတွေက သွား တက်မယ်ဆိုတော့ သူတို့လည်း စစ်တပ်နဲ့ မဟာမိတ်ပါတီတွေ ဖြစ်လို့ပဲလို့ ကျနော်ကတော့ သုံးသပ်တယ်” ဟု ပြောသည်။
UEC က ဖိတ်ကြားထားသည့် ဆွေးနွေးပွဲသို့ တက်ရောက်မည့် နိုင်ငံရေးပါတီများအနက် ဒေါ်သက်သက်ခိုင် ဦးဆောင် သည့် ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည် သူ့ပါတီတို့လည်း တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
https://www.facebook.com/theirrawaddyburmese/posts/4504249779619139