By Western News/ 2021 May 19

စစ်ကောင်စီမှဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နှင့် နိုင်ငံရေးပါတီများအကြား ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည်မဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP) က Western News သို့ပြောသည်။
အဆိုပါတွေ့ဆုံညှိနှိုင်းအစည်းအဝေးကို မေလ ၂၁ ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၊ ရုံးအမှတ် ၂ တွင်ကျင်းပမည်ဖြစ်ပြီး ပါတီတစ်ခုမှ ဥက္ကဌ၊ အတွင်းရေးမှူး(သို့မဟုတ်)ပါတီ တာဝန်ရှိသူတစ်ဦးကျစီ တက်ရောက်ရန် ဖိတ်ကြားထားခြင်းဖြစ်သည်။
ရခိုင်အမျိုးသားပါတီ (ANP) က ဥက္ကဌ ခရီးလွန်နေသောကြောင့် မတက်ရောက်နိုင်သလို မိမိအားတာဝန်ပေးထားသော်လည်း ကျန်းမာရေး မကောင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)နှင့် နိုင်ငံရေးပါတီများအကြား ဒုတိယအကြိမ်တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်နိုင်မည်မဟုတ်ဟု ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ပါတီကဒီတစ်ခေါက်တော့ တက်ဖြစ်ဖို့မဟုတ်တော့ဘူး။ ကျွန်တော်လည်းကျန်းမာရေးမကောင်းဘူး။ ဥက္ကဌ လည်း ခရီးလွန်နေတယ်။ ကျွန်တော်တို့ကမတက်တာမဟုတ်ဘူး။သွားမည်လူလည်းမရှိဘူးဖြစ်နေလို့၊ ပါတီကလူတွေက မအားဘူးဖြစ်နေလို့။ ပထမတစ်ကြိမ်မှာတော့ ကျွန်တော်တို့ပါတီကတက်ခဲ့တယ်”ဟုပြောသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးအား ရခိုင်အမျိုးသားပါတီ ANP က ယခုတစ်ကြီမ်တွင် မတက်ရောက်နိုင်သည့်အကြာင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) သို့ အကြောင်းကြားထားပြီးဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
၎င်းတွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင့်ဦးဆောင်ပါတီ(AFP) မှ ဒေါက်တာအေးမောင်တက်ရောက်မည်ဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) အနေဖြင့် UEC နှင့် တွေ့ဆုံဆွေးနွေးမည့်ကိစ္စကို မိမိတို့ပါတီအနေဖြင့် မသိရှိရသေးကြောင်း ပါတီတာဝန်ရှိသူများက ပြောဆိုကြသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က စစ်ကောင်စီမှဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီ ANP နှင့် ရခိုင့်ဦးဆောင်ပါတီ AFP တို့တက်ရောက်ခဲ့သည်။
https://www.facebook.com/westernnewsagency/posts/293374215802423