စစ်ကောင်စီနှင့် ဆက်စပ်မှုကိုရပ်တန့်ရန် ANP ဆုံးဖြတ်

By Western News/ 2021 May 5

စစ်ကောင်စီနှင့် ဆက်စပ်မှုကိုရပ်တန့်ရန် ပါတီဗဟိုဌာနချုပ်တွင် မေလ ၄ ရက်နေ့က တစ်ရက်တာကျင်းပပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသား ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီ (CEC) များအစည်းအဝေးမှချမှတ်ခဲ့ကြပြီး ပါတီဗဟိုကော်မတီဝင် များကိုအစည်း အဝေးတစ်ရပ်ခေါ်ယူကာ အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP ကပြောသည်။

ရခိုင်အမျိုးသားပါတီ ANP ပါတီအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းခဲ့ခြင်းမဟုတ်ဘဲ စီမံခန့်ခွဲပိုင်ခွင့်နှင့် ရခိုင်အမျိုးသားအကျိုးစီးပွားကို ရှေးရှုကာဆက်စပ်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်း ပါတီဥက္ကဌ ဦးသာထွန်းလှက မေ ၅ ရက်နေ့ ယနေ့မနက်ပိုင်းက မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။

“ကျနော်တို့ပါတီအနေနဲ့ စီမံခန့်ခွဲပိုင်ခွင့်နဲ့ ရခိုင်အမျိုးသားအကျိုးစီးပွားအတွက်လုပ်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းသာဖြစ်တယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံနိုင်ငံရေးအခြေအနေအရလည်း ရခိုင်အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်မှု၊ လုပ်ဆောင်နိုင်မှုအခြေအနေမတွေ့ရတဲ့အတွက်ကြောင့် စစ်ကောင်စီနှင့်ဆက်စပ်မှုကိုရပ်တန့်ဖို့အတွက် မနေ့ကကျင်း ပခဲ့တဲ့ ပါတီ(CEC) တွေကသဘောထားမှတ်ချက် ပေးခဲ့တာရှိတယ်။ ဒါကို ကျနော်တို့က ပါတီဗဟိုကော်မတီဝင်အစည်း အဝေးခေါ်ယူပြီး အတည်ပြုချက် ရယူသွားမှာဖြစ်တယ်” ဟုပြောသည်။

သို့သော်လည်း အတည်ပြုချက်ရယူမည့် ပါတီဗဟိုကော်မတီများအစည်းအဝေးကို မည်သည့်အချိန်တွင်ကျင်းပမည် ဆိုသည်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိသလို ဒေါ်အေးနုစိန် စစ်ကောင်စီတွင်ပါဝင်ခြင်းမှာလည်း ပုဂ္ဂိုလ်ရေးအရ ပါဝင်ခဲ့ခြင်းဖြစ်ပြီး ပါတီကသဘောထားမှတ်ချက်သာပေးခဲ့ဖြစ်ကြောင်း ဦးသာထွန်းလှကပြောသည်။

ယင်းအပြင် ဒေါ်အေးနုစိန်မှာ စစ်ကောင်စီတွင်ပါဝင်ကတည်းက ပါတီအတွင်းတစ်စုံတစ်ရာဝင်ရောက်ဆောင်ရွက်ခဲ့မှုမရှိခဲ့ကာ ပါတီတာဝန်မှရပ်နားခြင်း၊ မရပ်နားခြင်းမှာလည်း ကာယကံရှင်ဖြစ်သည့် ဒေါ်အေးနုစိန်နှင့်သာ သက်ဆိုင်ကြောင်း ပါတီဥက္ကဌ ဦးသာထွန်းလှကဆိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စစ်ကောင်စီမှာပါဝင်ကတည်းက ပါတီလုပ်ငန်းတွေကို ဘာမှဝင်ရောက်လုပ်ကိုင်တာ လည်းမရှိ တော့ဘူး။ ဝင်ရောက်လုပ်ကိုင်လို့ရတဲ့အခြေအနေလည်းမရှိတော့ဘူး။ ဒေါ်အေးနုစိန်ဟာ ပါတီတာဝန်က ရပ်နားဖို့၊ မရပ်နားဖို့ဆိုတာက ပါတီရဲ့ဗဟိုကော်မတီအစည်းအဝေးရဲ့ အတည်ပြုချက်အပေါ်မှာပဲ သူဆုံးဖြတ်သွားလိမ့်မည်” ဟုပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီမှပေးအပ်သည့် တာဝန်များကိုထမ်းဆောင်နေသူများထဲတွင် ANP မှ ပြောရေးဆိုခွင့် ရှိသူ ဒေါ်အေးနုစိန် အပြင် ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးဇော်အေးမောင်လည်းပါဝင်သည်။

https://www.facebook.com/westernnewsagency/posts/284132716726573

Leave a Reply

Your email address will not be published.