By Western News/ 2021 May 12

စစ်ကောင်စီကခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မေလ ၂၁ ရက်နေ့တွင် ကျင်းပမည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးအား တက်၊ မတက်ကိုမဆုံးဖြတ်ရသေး ကြောင်း ပါတီတာဝန်ရှိသူများကပြောသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို မေလ ၂၁ ရက် နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၊ ရုံးအမှတ် ၂ တွင်ကျင်းပမည်ဖြစ်ပြီး ပါတီတစ်ခုမှ ဥက္ကဌ၊ အတွင်းရေးမှူး(သို့မဟုတ်)ပါတီ တာဝန်ရှိသူတစ်ဦးကျစီ တက်ရောက်ရန် ဖိတ်ကြားထားခြင်းဖြစ်သည်။
ရခိုင်အမျိုးသားပါတီ ANP ကမူ ပါတီဌာနချုပ်သို့ ဖိတ်ကြားစာရောက်ရှိနေပြီဖြစ်သော်လည်း အစည်းအဝေးအား တက်၊ မတက်ကို မဆုံးဖြတ်ရသေးကြောင်း ပါတီဥက္ကဌ ဦးသာထွန်းလှက Western News ကိုပြောသည်။
“လောလောဆယ်တော့ ရုံးကိုဖိတ်စာရောက်တယ်လို့သိရတယ်။ အဲဒါနဲ့ပတ်သတ်ပြီးတော့ အခုဘာမှ ပြောလို့မရသေးဘူး”ဟုပြောသည်။
ရခိုင့်ဦးဆောင်ပါတီကလည်း ဖိတ်စာပေးထားသည်ဟုကြားသိထားပြီး အစည်းအဝေးအား တက်၊ မတက်ကို မသိရသေးကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။
“ကျွန်တော်တို့ကတော့ ဖိတ်စာပေးထားတယ်လို့ကြားထားပါတယ်။ အခုမှကြားရတာ။ တက်၊ မတက် ကိုတော့ မသိရသေးဘူး”ဟုပြောသည်။
စစ်ကောင်စီက ပထမဆုံးအကြိမ်ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံညှိနှိုင်း အစည်းအဝေးအား တက်ရောက်မှုမရှိခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအား အစည်းအဝေးအား တက်၊ မတက်နှင့် ပတ်သတ်ပြီး မေးမြန်းရန် Western News က အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍မရရှိခဲ့ပါ။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့သည့် စစ်ကောင်စီကခန့်အပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားသည့် နိုင်ငံရေးပါတီများတွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ရခိုင်အမျိုးသားပါတီ ANP နှင့် ရခိုင့်ဦးဆောင်ပါတီ AFP တို့တက် ရောက်ခဲ့သည်။
https://www.facebook.com/westernnewsagency/posts/288713526268492