ငွေကြေးမတတ်နိုင်သူများအတွက် အခမဲ့ဆေးခန်းတစ်ခု စစ်တွေတွင် ဖွင့်လှစ်ထား

By Western News/ 2021 May 6

ရခိုင်ပြည်နယ် စစ်တွေမြို့၊ ကုန်းတန်းရပ်ကွက်၊ စစ်ကဲတော်မင်းဘုန်းတော်ကြီးကျောင်းတွင် Food not Bombs Rakhine အဖွဲ့မှ ဦးဆောင်ကာ ငွေကြေးမတတ်နိုင်သည့်သူများအနေဖြင့် ဆေးကုသမှုခံယူနိုင်ရန် အခမဲ့ဆေးခန်း တစ်ခုကို မေလ ၃ ရက်နေ့ကဖွင့် လှစ်ခဲ့သည်။

ယင်းအပြင် ဆင်းရဲချို့တဲ့သူများမှာ ကျန်းမာရေးမကောင်းဖြစ်လာလျင် ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင် ဆေးကုသမှုခံယူရန်ငွေကြေး မတတ်နိုင်သဖြင့် Food not Bombs Rakhine အဖွဲ့အနေဖြင့် မိမိတို့၏ အသိဆရာဝန် တစ်ဦးနှင့် တိုင်ပင်ကာ အဆိုပါဆေးခန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဆေးခန်းဖြစ်မြောက်ရေးဦးစီးဆောင်ရွက်နေသူ ကိုသန်းထိုက်ဇော်ကပြောသည်။

“မရှိဆင်းရဲသားတွေက ကျန်းမားရေမကောင်းဖြစ်လာရင် တခြားပြင်ပကဆေးခန်းတွေမှာ ကုသတဲ့ အခါကုန်ကျ စရိတ်တွေ တအားများတယ်။ အဲ့တော့မရှိဆင်းရဲသားတွေအတွက် ဆရာဝန်နှင့်တိုင်ပင်ပြီးတော့ဖွင့်ဖြစ်ခဲ့တာပါ။ အခကြေးတစ်စုံတစ်ရာ ယူသွားမှာမဟုတ်ပါဘူး။ ဆေးခန်းတည်မြဲဖို့အတွက်စေတနာရှိသလောက်သာငွေထည့်သွားလို့ရတယ်” ဟုပြောသည်။

၎င်းဆေးခန်တွင် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးမှ အထွေအထွေအထူးကုဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်ဇော်သန့်က အခမဲ့ ကုသပေးနေခြင်းဖြစ်ကြောင်း၊ ဆေးခန်းကိုလည်းပိုမိုကောင်းမွန်ရန် နောက်ထပ်တိုးချဲ့ မှုများပြုလုပ်ရန် အတွက်ပြင်ဆင်နေသည်ဟု ကိုသန်းထိုက်ဇော်ကပြောသည်။

အခမဲ့ဆေးကုသမှုပေးနေသည့် ဒေါက်တာကျော်ဇော်သန့်က ရခိုင်ပြည်နယ်တွင် စစ်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူများ၊ ငွေကြေးဆင်းရဲကြပ်တည်းသူများစသည်ဖြင့် အခြေခံလူတန်းစားများကို ကျန်းမာရေးစောက် ရှောက်မှုတန်နိုင်သမျှ ပေးစေချင်သည့် အတွက် ယခုလိုလာရောက်ကုသပေးနေခြင်းဖြစ်ကြောင်း ပြောသည်။

“လက်တလောဖြစ်ပျက်နေတဲ့ကိုဗစ်ကာလမှာ ပြည်တွင်းစစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေ၊ ကြပ်တည်း ဆင်းရဲနေသူတွေ စတဲ့ အခြေခံလူတန်းစားတွေကို ကျွန်တော်တို့ တက်နိုင်သလောက်ကျန်မားစောက်ရှောက်မှုတွေ ပြုလုပ်ပေးချင်တာကြောင့် လာရောက်ကုသပေးရခြင်းဖြစ်တယ်”ဟု ပြောသည်။

လက်ရှိတွင် ၎င်းတို့ဖွင့်လှစ်ထားသည့် ဆေးခန်း၌ ဆေးဝါးပြည့်စုံမှုမရှိသေးသဖြင့် အလှုရှင်များအနေဖြင့် မိမိတို့ အဖွဲ့ကို ကူညီပေးစေချင်ကြောင်းလည်း ဒေါက်တာကျော်‌ဇော်သန့်ကပြောသည်။

ယခုလိုဆင်းရဲသားပြည်သူများအတွက် အခမဲ့ဆေးခန်းတစ်ခုဖွင့်လှစ်ထားခြင်းနှင့် ပတ်သက်၍ ပလက်ဝမြို့နယ်၊ မီးလက်ဝကျေးရွာမှ စစ်တွေမြို့ရှိစစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသူ ဦးကျော်နိုင်က”ကျွန်တော်တို့ဆင်းရဲသားပြည်သူတွေအတွက်အခမဲ့ ဆေးလာရောက်ကုသပေးတယ်ဆိုတော့ ကုန်ကျစရိတ်ကအတော်လည်းသက်သာတယ်။ အားတက်စရာဖြစ်တယ်။ အလွန်လည်းဝမ်းသာမိတယ်ဟု”ပြောသည်။

အဆိုပါကုန်တန်းရပ်ကွက်တွင်ဖွင့်လှစ်ထားသည့် အခမဲ့ဆေးခန်းကို တစ်ပတ်လျှင် ၃ ရက်ဖြင့် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် နေ့လည် ၁ နာရီမှ ည ၃ နာရီအထိ ကုသပေးလျှက်ရှိသည်။

https://www.facebook.com/westernnewsagency/posts/284975619975616

Leave a Reply

Your email address will not be published.