ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်တရားစွဲဆိုခံထားရသည့် ကိုမျိုးလွင်နှင့် ကိုမောင်သိန်းညွန့်တို့ကို ငွေဒဏ် သုံးသောင်းစီချမှတ်

By Western News/ 2021 May 19

ရခိုင်ပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်နေမှုများအား ဆန္ဒဖော်ထုတ်မှုကြောင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံခဲ့ရသည့် ကိုမျိုးလွင်နှင့် ကိုမောင်သိန်းညွန့်တို့ကို ကျောက်ဖြူမြို့နယ်တရား ရုံးက ယနေ့ မေလ ၂၀ ရက်နေ့တွင် ငွေဒဏ် သုံးသောင်း (၃၀၀၀၀) စီချမှလိုက်ကြောင်း ကာယကံရှင်များကပြောသည်။

ငွေဒဏ်ချမှတ်ခံခဲ့ရသည့် ကိုမျိုးလွင်နှင့် ကိုမောင်သိန်းညွန့်တို့မှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၈ ရက်က ရခိုင်ပြည်နယ်အတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများအားဆန္ဒဖော်ထုတ်ရန်အတွက် သက်ဆိုင်ရာလူကြီးများထံ စာတင်ခဲ့သော်လည်း ခွင့်ပြုမိန့်မချပေးဘဲ ဧပြီလ ၈ ရက်က ကျောက်ဖြူမြို့ကမ်းခြေတစ်နေရာတွင် ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ကျောက်ဖြူမြို့နယ်ရဲမှူး အောင်မော်မှ တရားလိုပြုလုပ်ကာတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်ရာတွင် ကမ္ဘာတစ်ဝန်းလုံးတွင် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေ့သည့်အတွက် ကျောက်ဖြူမြို့နယ် အတွင်းသို့ ရေနံတင်သင်္ဘောနှင့် နိုင်ငံခြားသားအဝင်အထွက်ကို ဆိုင်းငံ့တားဆီးပေးရန်၊ ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ပြန်ဖွင့်ပေးရန်နှင့် ကိုဗစ် ၁၉ အခြေအနေ တစ်ရပ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ထိန်းချုပ်ရန်အတွက် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကို ယာယီရပ်ဆိုင်းပြီး နိုင်ငံရေးအရဆွေးနွေးအဖြေရှာကြရန်စသည့်အချက်များ ပါဝင်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကိုဆန္ဒပြတောင်းဆို၍ တရားစွဲဆိုခံရပြီး ငွေဒဏ်ချမှတ် ခံရခြင်းမှာ မျှတမှုမရှိကြောင်း ကိုမျိုးလွင်က Western News ကိုပြောသည်။

“ကျွန်တော်တို့အနေနဲ့တော့ လုပ်သင့်လုပ်ထိုက်တဲ့အရာဖြစ်သလို ရခိုင်လူထုတရပ်လုံး၏ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့အပိုင်းတွေကို ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်တယ်။ ပြီးရင် ရခိုင်မှာတိုက်ပွဲဖြစ်တဲ့အတွက်ဆိုပြီးတော့ အင်တာနက်တွေကိုပိတ်ထားတယ်။ နောက်နေရာတွေကျတော့ဖွင့်ပေးထားတယ်။ ဒါကိုကျွန်တော်ကတော့ မမျှတဘူးလို့မြင်တယ်။ ပြီးရင် ငွေဒဏ်တပ်တာကိုလည်း မညီမျှဘူးလို့ ကျွန်တော်က ယူဆတယ်။ ကျွန်တော်တို့လည်း ရုံးချိန်အကြိမ် ၂၀ ကျော်ထိရင်ဆိုင်ခဲ့ရတယ်” ဟုပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်သူနှစ်ဦးမှာ ရခိုင်ပြည်သူလူထု၏ လိုအပ်ချက်ကို ဆန္ဒဖော်ထုတ်ခဲ့ခြင်းသာဖြစ်ပြီး ငွေဒဏ်ချမှတ်ခြင်းအပေါ် ထိုက်တန်/မထိုက်တန်ဆိုသည်မှာလည်း တရားရုံးနှင့်သာဆိုင်ကြောင်း အမှုကိုလိုက်ပါ ဆောင်ရွက်ပေးခဲ့သည့် ရှေ့နေ ဦးခင်မောင်ဌေးကပြောသည်။

“ကျွန်တော့်အထင်အရတော့ ဒီလူနှစ်ဦးဟာ ရခိုင်ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ကျန်းမာရေးကိစ္စတွေကို ကာကွယ်ဖို့အတွက် လုပ်ဆောင်ခဲ့တာလို့ ကျွန်တော်ကတော့မြင်တယ်။ ငွေဒဏ်ချမှတ်ခံရတဲ့အပေါ် ထိုက်တန်လား၊ မထိုက်တန်လားဆိုတာကတော့ တရာရုံးနဲ့ပဲသက်ဆိုင်ပါလိမ့်မယ်” ဟုပြောသည်။

ကိုမျိုးလွင်သည် ရခိုင်ပြည်နယ်အတွင်းတွင် ဒီရေတောထိန်းသိမ်းရေးလုပ်ငန်းများကို တစိုက်မတ်မတ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ အမ်း၊ မြေပုံ၊ တောင်ကုတ်မြို့နယ်တို့တွင် ဒီရေပင်ပေါင်း ၃၇၀၀၀၀ ကျော် စိုက်ပျိုးထားသူတစ်ဦးဖြစ်သလို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက သံဇစ်မြစ်အတွင်း ဂုံးများသေဆုံးမှုကို ဖေ့စ်ဘုတ်ပေါ်တင်သည့်အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) ဖြင့်တရားရင်ဆိုင်နေရသူလည်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/294281999044978

Leave a Reply

Your email address will not be published.