ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေးရန် အပစ်ရပ်သက်တမ်း တစ်လထပ်တိုးကြောင်း စစ်ကောင်စီကြေငြာ

By Development Media Group (DMG)/ 2021 May 31

နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ ထပ်မံရပ်စဲသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက မေလ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ချောမွေ့အောင်ဆောင်ရွက်ရန်နှင့် ၂၀၂၁ -၂၀၂၂ နှစ် ပညာသင်နှစ်အတွက် ပြန်လည်ဖွင့်လှစ်မည့် ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ယခုကဲ့သို့ အပစ်ရပ်စဲထားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန် ချက်ကဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း (NCA) လက်မှတ် ထိုးထားသည့် လက်နက်ကိုင်အဖွဲ့များ၊ NCA လက်မှတ်မရေးထိုးရန်ကျန်ရှိသည့် ဆက်လက်ဆွေးနွေးနေဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးအမြန်ဆုံးဆွေးနွေးရန်အတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုကို ရပ်ဆိုင်းပေးခြင်းဖြစ်ကြောင်း ယနေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းအပြင် မြန်မာစစ်တပ်မှ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ထပ်မံရပ်စဲထားသည့်ကာလအတွင်း  ညှိနှိုင်းဆွေးနွေးခြင်းများနှင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်လုပ်စေလိုကြောင်း တိုက်တွန်းထားသည်။

မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ရပ်နားထားမည်ဖြစ်ကြောင်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်ကော်မတီ (PPST) မှ ထုတ်ပြန်ပြောဆိုထားသည်။

လက်ရှိမှာ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် NCA လက်မှတ်မရေးထိုးထားသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ NCA လက်မှတ်ထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

https://www.facebook.com/dmgnewsagency/posts/2026920014127066

Leave a Reply

Your email address will not be published.