By Narinjara/ 2021 May 21
ထက်အောင်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့်ကို ယနေ့ မေလ ၂၁ ရက်နေ့ ရုံးချိန်း၌ ဂွမြို့နယ်တရားရုံး၌ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ပုဒ်မ ၃၀(က) နှင့် စွဲချက်တင်လိုက်ကြောင်း သတင်းရရှိသည်။
ဦးရဲခေါင်ညွှန့်၏ အမှုဆောင်ရှေ့နယ် ဒေါ်နွဲ့နွဲ့ငြိမ့်က “ ကိုရဲခေါင်ညွှန့်မှာက တရားလိုပြ သက်သေတွေအကုန်လုံးကို စစ်ဆေးပြီးပြီ။ စွဲချက်တင်တာကတော့ တရားလိုပြသက်သေအားလုံးကို စစ်ဆေးရမယ်။ ပြီးတော့ လျှောက်လဲချက် ပေးရတယ်။ လျှောက်လဲချက်ပြီးရင် စွဲချက်အဆင့်ပေါ့။ အမတို့မှာ အခုစွဲချက်အဆင့်ရောက်ပြီ” လို့ ပြောပြသည်။
ဦးရဲခေါင်ညွှန့်နှင့်အတူ ဦးလူနီ(ခ) ဦးစိုးလှိုင်ကိုလည်း နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့ဖြင့် စွဲချက်တင်ခံရကြောင်း ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ဆက်ပြောသည်။
လက်ရှိ ဂွမြို့နယ်မှ တရားစွဲခံထားရသူများမှာ ဂွမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွှန့်၊ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးလှိုင် (ခ) ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းနှင့် ကိုနိုင်လင်းတို့ ဖြစ်ကြသည်။
နောက်ရုံးချိန်းကို လာမယ့် မေလ ၂၈ ရက်နေ့ သို့ ထပ်မံချိန်းဆိုလိုက် ကြောင်းသိရပြီး ဦးအောင်စိုးမင်းနှင့် ဦးနိုင်လင်းတို့၏ အမှုအခြေအနေ့နှင့် ပတ်သက်ပြီး ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ယခုကဲ့သို့ ဆက်ပြောသည်။
“ ကိုနိုင်လင်းရဲ့ အမှုမှာကတော့ အမှုစစ်ရဲအရာရှိကို စစ်ဆေးတယ်။ ကိုအောင်စိုးမင်း အမှုကတော့ ငြိမ်းစုစီ၊ ဘေးစီမံနဲ့ အစွဲခံရတယ်။ သူ့မှာတော့ နှစ်မှုရှိတယ်။ ငြိမ်းစုစီကတော့ လိုပြသက်သေတွေ ကုန်တဲ့အချိန်ပေါ့။ ဘေးစီမံကတော့ လိုပြသက်သေတွေ စစ်ဆေးပြီးလို့ စွဲချက်အမိန့်မှာ ဘေးစီမံ ဥပဒေပုဒ်မ ၂၅ ကနေပြီးတော့ ဘေးစီမံ ဥပဒေပုဒ်မ ၃၀(က) ကိုပြောင်းလိုက်တယ်။ ပြောင်းလိုက်တဲ့အတွက် ကိုအောင်စိုးမင်းက အာမခံရသွားပါပြီ” လို့ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ဆိုပါတယ်။
ဦးရဲခေါင်ညွှန့် အပါအဝင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(က)နှင့် (ခ) စွဲဆိုခံထားရသည့် အမှုများမှာ ဂွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးအရာရှိ ဦးကျော်လင်းမှ တရားလိုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ဦးရဲခေါင်ညွှန့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညက နေအိမ်ကနေ စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဖမ်းသွားခြင်းဖြစ်ပြီး ကျန်(၃) ဦးကိုတော့ လွန်ခဲ့သော ဖေဖော်ဝါရီလ အတွင်းက စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
https://www.facebook.com/narinjara.info/posts/4337746252904085