ဂွကမ်းခြေတွင် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် ဆရာဝန်တစ်ဦးအပါအဝင် သုံးဦးရေနစ်သေဆုံး

By Western News/ 2021 May 15

ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ကြွေဂျိုင်ကမ်းခြေတွင် အသက် ၁၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနှင့် ဆရာဝန်တစ်ဦး အပါအဝင် အခြားတစ်ဦးတို့ ရေကူးနေရင်းကနေ ရေနစ်မြုပ်ပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ဂွမြို့နယ် ကြွေဂျိုင်ကမ်းခြေတွင် မေ ၁၄ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်လောက်က မိသားစု ၃ ဦးကမ်းခြေတွင် ရေဆင်းကူနေစဉ် အသက် ၁၉ နှစ်အရွယ်မိန်းကလေးငယ်မှာ ရေနစ်နေစဉ် ဆရာဝန်ဖြစ်သူနှင့် အခြားတစ်ဦးတို့မှာ သွားရောက်ကယ်ဆယ်ရာကနေ သုံးဦးစလုံးရေနစ် သေဆုံးခြင်းဖြစ်သည်ဟု ဂွမြို့နယ် လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူ ကိုကျော်မြင့်မောင်က Western News ကိုပြောသည်။

“မနေ့က ဆရာဝန်တစ်ဦးအပါအဝင်ပေ့ါမိသားစုသုံးဦးပါ။ သူတို့က ရန်ကုန်ကနေအလည်လာကြတာပါ။ အဲ့ဒီမှာမနေ့က ကြွေဂျိုင်ကျေးရွာ ကမ်းခြေမှာ ရေဆင်းကူးတာပေါ့။ ကလေးမလေးက ရေကွင်းနဲ့ ရေကူးနေရင်းကနေ ရေနစ်မြုပ်တာလို့ပြောတယ်။ အဲ့ဒီမှာ ဆရာဝန်က မိန်းကလေးကို သွားကယ်တယ်။ နောက်တစ်ယောက်လည်းသွားကယ်တယ်။ အဲဒီမှာ သုံးယောက်လုံးရေနစ်မြုပ်သွားတာပါ။ နှစ်ယောက်ဆုံးတယ်။ ဆေးရုံးရောက်တော့ တစ်ယောက်ဆုံးပါတယ်” ဟုပြောသည်။

သေဆုံးသူများမှာ ဒေါက်တာအောင်ဇော်လတ် အသက် ၄၆ နှစ်၊ မထက်ရည်လင်း အသက် ၁၉ နှစ်၊ ဦးဇော်မျိုးမြင့် အသက် ၃၄ ဖြစ်ကြပြီး ဒေါက်တာအောင်ဇော်လတ်သည် ရန်ကုန်တွင်တာဝန်ကျနေသူတစ်ဦးဖြစ်ကာ မထက်ရည်လင်းက ၁၀ တန်းအောင်မြင်ထားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

သေဆုံးမိသားစုများသည် ရန်ကုန်တွင်နေထိုင်သူများဖြစ်ကြပြီး ဂွမြို့နယ် ကြွေဂျိုင်းကျေးရွာ မိဘများဆီသို့ ပြီးခဲ့သည့် ရက်ပိုင်းများက လာရောက်လည်ပတ်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။ ယခုရာသီအချိန်တွင် ကြွေဂျိုင်ကမ်းခြေအနီးတစ်ဝိုက် လှိုင်းကြီးမှုများ၊ အောက်ရေဆွဲမှုများ၊ ပင်လယ်ရေအောက် ကြမ်းခင်းသည် မညီမညာမှုများဖြစ်သောကြောင့် သတိထားရေကူးကြရန်လိုကြောင်း ဒေသခံများပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ကြွေဂျိုင်ကျေးရွာမိသားစုများ၏ နေအိမ်တွင်ထားရှိထားပြီး မနက်ဖြန်မေလ ၁၆ ရက်နေ့ သဂြ်ိုဟ်သွားမည်ဖြစ်ကြောင်း ဂွမြို့နယ် လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူ ကိုကျော်မြင့်မောင်က ပြောသည်။

https://www.facebook.com/westernnewsagency/posts/290515566088288

Leave a Reply

Your email address will not be published.