By Development Media Group (DMG)/ 2021 May 31
ကျောက်ဖြူမြို့နယ် သိုင်းချောင်းအုပ်စု၊ ပြားကျွိန်ကျေးရွာ၊ ပြားကျိန်တံတားမှာ သစ်ချောင်းများ ကျိုးကျလာသည့်အနေအထားဖြစ်သည့်အတွက် ယင်းတံတားအား အချိန်မှီ ပြုပြင်ပေးရန် လိုအပ်ကြောင်း ဒေသခံများက တောင်းဆိုကြသည်။
အလျား ပေ ၁၂၀ ခန့်၊ အနံ ၁၁ ပေခန့်ရှိသည့် ပြားကျွိန်တံတားကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ လုပ်ထားခြင်းဖြစ်ကာ သံချောင်းအောက်ခံပြီး သစ်သားအခင်းနှင့် လုပ်ထားသော တံတားဖြစ်သည်။
ယင်းတံတားမှာ လက်ရှိအချိန်တွင် သစ်သားများကျိုးကျလာခြင်းနှင့် ခရီးသည်များ၊ ကားသမားများနေဖြင့် အခက်ကြုံတွေ့နေကြရကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများမှာ ကျန်းမာရေးကြောင့် ကျောက်ဖြူမြို့သို့ ညအချိန်သွားလာမည်ဆိုပါက အခက်အခဲများဖြစ်သည်ဟု ဆင်ဘုတ်ကျေးရွာမှ ဦးထွန်းမောင်အေးက ပြောသည်။
“အဲဒီလမ်းက မေလ ၂၉ ရက်နေ့က သစ်သားကျိုးကျပြီး ပေါက်သွားတာရှိတယ်။ ဆိုတော့ ကားသမားတွေက မသွားရဲမလားရဲဘူးဖြစ်နေတယ်။ ဦးတို့ကျေးလက်တောရွာကလူတွေ ကျောက်ဖြူကို ကျန်းမာရေးနဲ့ပတ်သတ်ပြီး လူနာတွေ ညအချိန်မတော်သွားရတဲ့အခါ အရမ်းအခက်အခဲဖြစ်တယ်။ နေ့ခင်းတောင် သွားလာလို့မရဘူးဆိုတော့ ကားသမားတွေကလည်း မသွားချင်ကြဘူး” ဟု ပြောသည်။
လက်ရှိအချိန်တွင် သွားလာရေးအဆင်မပြေမှုများစွာကြုံနေရသည့်အပြင် မိုးရာသီးကျရောက်လာမည်ဖြစ် သည့်အတွက်လည်း မိုးရာသီမတိုင်မှီ အမြန်ဆုံး ပြုပြင်ပေးရန် လိုအပ်ကြောင်းလည်း ကြောင်တင်ကျေးရွာမှ ကိုမောင်သိန်းစိုးက ပြောသည် ။
“သစ်တုံးတွေ အစားထိုးပြီးတော့ သွားနေရတယ်။ အခက်အခဲတွေက အဲဒီတံတားမလုပ်ရင် လုံးဝသွားလိုမရတဲ့ အခြေအနေရှိနေတယ်။ မိုးရာသီမှာ အခက်အခဲလည်း အများကြီးရှိလာနိုင်တယ်။ သွားလာလို့ ရမှာမဟုတ်ဘူး ” ဟု ဆိုသည်။
ယင်းတံတားမှ ဆိုင်ကယ်၊ ကားများဖြင့် သွားလာကြခြင်းဖြစ်ပြီး ဆင်ဘုတ်ကျေးရွာ၊ ငလုံးစုကျေးရွာ၊ မော်ကြီး ကျေးရွာ၊ ကြောင်တင်ကျေးရွာ စသည့်ကျေးရွာပေါင်း ၂၀ ကျော်မှ ကျောက်ဖြူမြို့သို့ ခရီးသွားလာ နေကြခြင်းဖြစ်သည်။
ယင်းကိစ္စဖြင့် ပတ်သတ်ပြီးကျောက်ဖြူ စည်ပင်ဦးစီအရာရှိ ထံသို့ DMG မှ ဆက်သွယ်ရာတွင် နောက်တနေ့ဆက်သွယ်ရန်ပြောပြီး ဖုန်းချသွားခဲ့သည်။
ပြားကျွိန်ကျေးရွာချောင်းတံတားကို အသုံးပြုပြီး နယ်မှဒေသခံများမှာ ကျောက်ဖြူမြို့သို့ လာရောက်ကြရသည့်အတွက် မိုးရာသီမတိုင်မီ မပြုပြင်နိုင်လျှင် ကျေးလက်ဒေသမှ လူများမြို့ပေါ်သို့ လာရောက်ရန် ပိုမိုခက်ခဲလာနိုင်သည့်အတွက် ဒေသခံများအနေဖြင့် လိုအပ်နေကြခြင်းဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/2026905787461822