ကျောက်တော်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကို ဓါးထောက်၍ နေအိမ်အတွင်းရှိ ငွေကျပ်သိန်း ၂၀ ယူဆောင်သွား

By Western News/ 2021 May 10

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သင်္ဂနက်ကျေးရွာတွင် ယမန်နေ့ မေလ ၉ ရက် ညဉ့် ၉ နာရီအချိန်ခန့်က နေအိမ်အတွင်းသို့ ရောက်ရှိလာပြီး ဓါးထောက်၍ ငွေကျပ်သိန်း ၂၀ ယူဆောင်သွားကြောင်းသိရသည်။

ဓါးပြတိုက်ခံရသည့် ဒေါ်ဆန်းကျော့ဝင်း အသက် ၃၉ နှစ်မှာ နေအိမ်အတွင်းတစ်ဦးတည်းရှိနေစဉ် နေအိမ်အတွင်းသို့ လူနှစ်ဦးဝင်လာပြီး ရင်ဖက်ကို ဓါးဖြင့်ထောက်ကာ ငွေကျပ် သိန်း ၂၀ ကိုယူဆောင်သွားခြင်းဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူကပြောသည်။

ဓားပြတိုက်သွားသူနှစ်ဦးမှာ အသက် ၂၀ ကျော်အရွယ် ရခိုင်စကားပြောသည့်လူငယ်တစ်ဦးနှင့် ဗမာစကားခပ်ဝဲဝဲပြောသည့် လူငယ်တစ်ဦးတို့ဖြစ်ကြပြီ ၎င်းတို့နှစ်ဦးတွင် တစ်ဦးကစွပ်ကျယ်အဖြူရောင်အကျႌဝတ်ဆင်ကာ နောက်တစ်ဦးပုဆိုးကိုခတောင်းကျိတ်ထားသည်ဟု ဓါးပြတိုက်ခံရသည့် ဒေါ်ဆန်းကျော့ဝင်းကပြောသည်။

အဆိုပါလူငယ်နှစ်ဦးမှာ အခင်းမဖြစ်မီက ၄င်းနေအိမ်ရှေ့မှနေ၍ သူမခင်ပွန်းဖြစ်သူ ဦးမောင်သန်းအားစကားပြောစရာများရှိသည်ဟု ဆိုကာပြောဆိုပြီး ဦးသန်းမောင်နေအိမ်တွင်မရှိ၍ ပြန်သွားကြပြီးနောက် ၁၅ မိနစ်ခန့်အကြာတွင်လာရောက်ဓားမြတိုက်ယူသွားခြင်း ဖြစ်သည်ဟု ဓါးပြတိုက်ခံရသည့် ဒေါ်ဆန်းကျော့ဝင်းက Western News ကိုပြောသည်။

“ မနေ့က ညဉ့် ၈ နာရီကျော်လောက်မှာ အိမ်ရှေ့ကနေပြီးတော့ ကျမအမျိုးသားနာမည်ကိုခေါ်သံကြားတော့ အိမ်ထက်ကနေပြီးတော့ ဓာတ်မီးထိုးကြည့်တယ်။ အသက် ၂၀ ကျော်လူငယ်လေးနှစ်ယောက်။ အရပ်ရှည်ရှည်နဲ့။ ဆိုတော့ ကျမက ကျမအမျိုးသားအိမ်မှာ မရှိဘူးလို့ပြောလိုက်တယ်။ အမျိူးသားကလည်း ငါးရှာဖို့ထွက်သွားတာ။ ဆိုတော့သူတို့ပြန်သွားတယ်။ ၁၅ မိနစ်လောက်ကြာတော့ အိမ်နောက်ဖေးက အသံကြားရတယ်။ ရွာမှာက လည်းရှင်ပြုပွဲရှိတော့ သိပ်မကြားရဘူး။ ကျမဓာတ်မီးထိုးကြည့်လိုက်တော့ လူနှစ်ယောက် ဓားနှစ်လက်နဲ့မြင်တယ်။ ကျမအော်ဖို့အချိန်တောင်မရလိုက်ဘူး။ ကျမပါးစပ်ကို အဝတ်နဲ့စည်းတယ်။ ရင်ဝကိုဓားနဲ့ ထောက်ထားတယ်။ စေတီတည်ဖို့အသင်းကစုထားတဲ့ ဘုရားငွေ သိန်း ၂၀ ကိုလည်းယူသွားတယ်။ ကျမကိုလည်း ကန်ကျောက်ခဲ့တယ်”ဟုပြောသည်။

လက်ရှိအချိန်တွင် ဓားမြတိုက်သွားသူနှစ်ဦးမှာ မည်သူမည်ဝါမှန်းမသိရသေးဘဲ အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ သက်ဆိုင်ရာ ရဲစခန်းတွင်လည်း အမှုမဖွင့်ရသေးကြောင်းသိရသည်။

https://www.facebook.com/westernnewsagency/posts/287325656407279

Leave a Reply

Your email address will not be published.