By Narinjara/ 2021 May 26
ထက်အောင်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာမှ မူလတန်းပြ ကျောင်းဆရာမတစ်ဦး ယမန်နေ့ မေလ ၂၅ ရက်နေ့က ကျေးရွာအနီးရှိ စမ်းမဲချောင်း အတွင်း ရေနစ်သေဆုံးသွားကြောင်း မိသားစုဝင်များက ပြောသည်။
ရေနစ်သေဆုံးသွားသည့် မူလတန်းပြကျောင်းဆရာမမှာ အသက် (၂၇) အရွယ် မဆောင်းနှင်းချေ ဖြစ်ပြီး ကျောင်းဆရာမသက်တမ်း (၃) နှစ်နီးပါး ရှိနေပြီဖြစ်ကာ ကန်စောက်ကျေးရွာမူလတန်းကျောင်းတွင် လက်ရှိတာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်း သိရသည်။
ရေနစ်သေဆုံးသွားသည့် ကျောင်းဆရာမငယ်၏ ဆွေမျိုးတော်စပ်သူ ဒေါ်စောခိုင်ညွှန့်က “ မနေ့က အိမ်မှာ ဘာပြဿနာမှ မရှိဘူး။ သူ့မှာလေ။ ရွာမှာ သူ့အဖေရဲ့ ဟင်းခြံ တစ်ခုရှိတယ်။ အဲဒီကို ထွက်သွားတာ အိမ်ကမိသားစုတွေကလည်း မသိလိုက်ဘူး။ မိုးလည်းရွာနေတယ်။ ခမောက်လေး ဆောင်းပြီးတော့ လက်မှာ ရေဘူးတစ်ဘူးကိုင်ပြီး ထွက်သွားတာ။ အဲဒီနေရာမှာ သူတစ်ယောက်တည်း၊ မနေ့က လူတွေလည်း အဲအနီးအနားမှာမရှိဘူး။ အရင်နေ့တွေကဆိုရင် လူသွားလူလာ တွေရှိတယ်။ ချောင်းကမ်းပါးက ချော်ကျသွားလို့ အခုလိုဖြစ်သွားတာလို့ထင်ပါတယ်” ဟု ပြောပြသည်။
သူမ အလောင်းအား ယမန်နေ့ ညနေပိုင်းက ရွာအနီး ချောင်းစပ်တွင် ရေပေါ်တွင် မျော၍ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
“သူ့အလောင်းကိုလည်း မနေ့ကနေ ရှာတွေ့တယ်။ ကျမတို့လည်း တွက်ဆလို့မရဘူး။ သူက ဝက်ခြံပေါက်လို့ စိတ်ညစ်နေတာတော့ရှိတယ်။ အဲဒီ ဝက်ခြံပေါက်တာ (၂) နှစ် လောက်ရှိပြီ။ မျက်နှာတစ်ခုလုံး စုတ်ပြဲနေတာပဲ။ အဲဒါကြောင့် စိတ်ညစ်တယ်ဆိုပြီး ပြောနေတယ်။ ဒါနဲ့လည်း အဆုံးစီရင်တာလည်း မဖြစ်နိုင်ဘူး” ဟု ပြောသည်။
သူမသေဆုံးသွားခြင်းနှင့် ပတ်သက်ပြီး မျက်မြင် မရှိသဖြင့် သေဆုံးရခြင်း အကြောင်းအရင်းကို တိတိကျကျ ပြောဆိုရန် ခက်ခဲသည်ဟု ဒေါ်စောခိုင်ညွှန့်က ပြောဆိုသည်။
သူမအား မေလ ၂၆ နေ့လယ် ၁၂ နာရီမှာ သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://www.facebook.com/narinjara.info/posts/4353221231356587