ကျပ်သိန်း ၁၅၀၀ ခန့် ကုန်ကျခံ တည်ဆောက်ထားသည့် ဆင်တက်မော်ကျေးရွာမှ ကမ်းထိန်းနံရံပြိုကျ

By Western News/ 2021 May 25

ဆိုင်ကလုန်းမုန်တိုင်းကြောင့်ဖြစ်ပွားသည့် မိုးရွာသွန်းမှုနှင့် လှိုင်းရိုက်ဒဏ်ကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဆင်တက်မော် ကျေးရွာတွင် ပြီးခဲ့သည့်နှစ်မှ တည်ဆောက်ထားသော ကမ်းထိန်းနံရံများပြိုကျသွားကြောင်း ဒေသခံများကပြောသည်။

အဆိုပါကမ်းထိန်းနံရံကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတွင် ရေအရင်းမြစ်နှင့် မြစ်ချောင်းအင်းအိုင်ဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ ကျပ်သိန်းပေါင်း ၁၅၀၀ ခန့် အကုန်ကျခံကာတည်ဆောက်ထားခြင်းဖြစ်သည်ဟု ကျေးရွာဒေသခံကိုသန်းနိုင်က Western News ကိုပြောသည်။

“ပြိုတာကတော့ ဒီနေနံနက် ၈ နာရီ ကျော်လောက်ကဖြစ်တယ်။ ရွာစဉ်တလျှောက်ဆိုတော့ ကမ်းပြိုကျသွားတဲ့ အနီးမှာအိမ်ခြေ ၅၀ ကျော်လောက်ရှိတယ်။ လမ်းတွေလည်း ပျက်စီးသွားတယ်” ဟုပြောသည်။

ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာရှိ အဆိုပါ ကမ်းထိန်းနံရံသည် အလျားပေ ၁၀၀၀ ကျော်ခန့်ရှိပြီး မိုးရွာသွန်းမှုနှင့် လှိုင်းရိုက်ခတ်ဒဏ်ကြောင့် ပေ ၅၀၀ ကျော်ခန့်ပြိုကျပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

ကမ်းထိန်းနံရံပြိုကျမှုကြောင့် မြစ်ကမ်းစပ်တွင် နေထိုင်သူများ စိုးရိမ်ရပြီးလက်ရှိတွင် မိမိတို့နေအိမ်များမှပစ္စည်းများကို ဘေးလွှတ် နေရာများသို့ ရွှေ့ပြောင်းနေရကြောင်း ကျေးရွာသားများကပြောသည်။ ပြိုကျပျက်စီးမှုနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောက်ရှောက်ရေးဦးစီးဌာနကို အကြောင်းထားသည်ဟု ကျေးရွာဒေသခံ ကိုသန်းနိုင်က ဆက်ပြောသည်။

ပေါက်တော ဆင်တက်မော်ရခိုင်ကျေးရွာတွင် နေအိမ်ခြေ ၅၀၀ ဝန်းကျင်လောက်ရှိပြီး မွတ်ဆလင်နေအိမ် ၂၅၀၀ လောက်ဝန်း ကျက်လောက်ရှိကာ ကျေးရွာသားအများစုမှာ ရေလုပ်ငန်းလုပ်ကိုင်စားသောက်နေထိုင်ကြသူများဖြစ်ကြောင်းသိရသည်။ အဆိုပါကျေးရွာအနီးတွင် ကျေးရွာပေါင် ၅ ရွာလောက်ရှိပြီး ဆင်အိုင်၊ နားဂါးမော်၊ မြေငူဝ၊ ချောင်းဝ၊ ပြိုင်တောင် တို့ဖြစ်ကြသည်။

“ညပိုင်းအတွက်တော်တော်လည်းစိုးရိမ်မှုတွေရှိနေကြတယ်။ လမ်းတွေကတော့ အကုန်းလုံးပျက်စီးသွားတယ်။ လက်ရှိတွင် မုန်းတိုင်းကလည်း ၂၈ ရက်လောက်မှ စိတ်ချရမယ်ဆိုတော့ ညနေဆိုရင် နောက်ထပ်ရေတက်လာမှာကိုစိုးရိမ်မှုတွေရှိနေကြတယ်”ဟု ဆင်တက်မော်ကျေးရွာမှ ကိုအေးထွန်းကပြောသည်။

အဆိုပါ ကမ်းထိန်းနံရံများပြိုကျမှုနှင့်ပတ်သတ်၍ ရေအရင်းမြစ်နှင် မြစ်ချောင်းအင်းအိုင်ဖွံ့ဖြိုးတိုးတက်ရေးဌာန အား Western News မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပါ။

https://www.facebook.com/westernnewsagency/posts/297364758736702

Leave a Reply

Your email address will not be published.