ကော်မရှင်သစ် နိုင်ငံရေးပါတီတွေ့ဆုံပွဲ AFP တက်မည်၊ ANP နှင့် ALD သဘောထားမသိရသေး

By Development Media Group (DMG)/ 2021 May 13

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လက်ရှိအသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ ဒုတိယအကြိမ် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရန်ကမ်းလှမ်းမှုကို ရခိုင်ပြည်က ရခိုင့်ဦးဆောင်ပါတီ (AFP) တက်ရောက်မည်ဖြစ်ပြီး ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၏ သဘောထားကို မသိရှိရသေးပေ။

AFP ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က “ ဖိတ်စာတော့ ရုံးကိုရောက်ပြီ။ ကျွန်တော်တက်မယ်။ ကျွန်တော်တို့က ANP ကလည်း ထွက်ခွင့်ပေးလိုက်ပြီတော့ ပါတီဝင်သဘောရှိသွားပြီပေါ့။ ကိုယ်စားတာဝန်ပေးတဲ့ လူဆိုပြီးပါလို့။ ဒီဖက်မှာလည်း အားနေတယ်ဆိုတော့ သွားတက်ပေးမယ်လို့ပြော ထားတယ်။ ကိုကျော်ဇော်ဦးကလည်း စာရင်းပေးထားပြီးပြီလို့ပြောတယ်”ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် ဖိတ်ခေါ်ထားသည့်စာ ပါတီဗဟိုရုံးသို့ ရောက်ရှိနေပြီဖြစ်ပြီး တက်ရောက်မည်၊ မတက်ရောက်မည်ကို မပြောဆိုနိုင်သေးကြောင်း ရခိုင်မျိုးသားပါတီ (ANP) ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

“ဖိတ်စာတော့ ရုံးကိုရောက်နေပြီလို့ပြောတယ်။ လောလောဆယ် အဲလောက်ပဲပြေလို့ ရသေးတယ်”ဟု ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံညှိနှုင်းအစည်းအဝေးကို ယခု မေလ ၂၁ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသွားမည်ဖြစ်ပြီး ပါတီတစ်ခုမှ ဥက္ကဌ၊ အတွင်းရေးမှူး (သို့မဟုတ်) ပါတီတာဝန်ရှိသူတစ်ဦးကျစီ တက်ရောက်မည်ဖြစ်သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဥက္ကဌ ဦးကျော်လှမြင့်က လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားထားသည့်ကိစ္စရပ်ကို သူ့အနေဖြင့်မသိရှိရသေးကြောင်း ဆိုသည်။

“အဲဒါကို ကျွန်တော်မသိသေးဘူး။ အဲဒီစာက ရောက်တယ်မရောက်ဆိုတာ ကျွန်တော်တို့ဆီ တိုက်ရိုက်ရောက် တာမဟုတ်ဘူး။ ရောက်ရင်လည်း ရုံးကိုရောက်မယ်။ အတွင်းရေးမှူးဆီရောက်မယ်။ အခုကျွန်တော်တို့ မသိသေးဘူး”ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့သည် ရခိုင်ပြည်နယ်အတွင်းမှ အင်အားကြီးပါတီများလည်းဖြစ်ကြသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပထမအကြိမ်ကျင်းပခဲ့သည့် လက်ရှိဖွဲ့စည်းထာသည့် ရွေးကောက်ပွဲကော်မရှင်သစ်မှ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံရန် ကမ်းလှမ်းမှုကို ရခိုင်ပြည်မှ ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့က တက်ရောက်ခဲ့ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ကြေညာချက်အမှတ် (၁/၂၀၂၁) တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေးရွေးကောက်ပွဲကို ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

https://www.facebook.com/dmgnewsagency/posts/2012467948905606

Leave a Reply

Your email address will not be published.