By Narinjara / 2021 May 20
ချစ်အိလှိုင်

ကိုဗစ်-၁၉ ရခိုင်တွင် ပြင်းထန်ကာလ ကျောက်ဖြူသို့ ဝင်ထွက်သွားလာနေသော ရေနံတင် သင်္ဘောများကို တားမြစ်ပေးရန် တောင်းဆို ဆန္ဒပြ၍ ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် တရားစွဲခံခဲ့ရသည့် ကိုမျိုးလွင်နှင့် ကိုမောင်သိန်းညွန့်တို့နှစ်ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးက ငွေဒဏ်သုံးသောင်းကျပ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
အမ်းမြို့နယ် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလှုပ်ရှားသူ ကိုမျိုးလွင်က “ ကျွန်တော်ကတော့ မကျေနပ်ဘူး။ ဒီငွေဆိုတာက ကျွန်တော်တို့ ပိုင်ဆိုင်မှုပစ္စည်းတွေကို ရောင်းချပြီး ထွေအုပ်ရုံးမှာ ဆောင်ရတဲ့အပိုင်းပါလေ။ ကျွန်တော်တို့ငွေကို ကျွန်တော်တို့ တန်ဖိုးထားတယ်။ ကျွန်တော်တို့ အခွင့်အရေးကို တောင်းခဲ့တဲ့အတွက်အခုလို့ဖြစ်ခဲ့တာ။ ဒါကြောင့် ကျွန်တော်တို့ကလည်း ရှေ့ကို ဆက်ပြီး ဒီထက်လှုပ်ရှားနေမှာပါပဲ” ဟုပြောသည်။
အမ်းမြို့နယ် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလှုပ်ရှားသူ ကိုမျိုးလွင်နှင့် ကျောက်ဖြူ မြို့နယ်မှ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကိုမောင်သိန်းညွှန့်တို့ကို ရခိုင်တွင် ကိုဗစ်-၁၉ ပြင်းထန်နေသည့်အချိန်ကာလတွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ပြည်ဝင်ခွင့်ပိတ်ထားသော်လည်း ကျောက်ဖြူမြို့နယ်တွင် ရေနံတင်သင်္ဘောများဖြင့် နိုင်ငံခြားသားများ အဝင်အထွက်ရှိနေသည်ကို တားမြစ်ပေးရန် ၂ဝ၂ဝ ခုနစ် ဧပြီလ ၈ ရက်နေ့က ကျောက်ဖြူမြို့၌ ဆန္ဒပြတောင်းဆိုခဲ့သည်။
ထိုသို့ ဆန္ဒပြတောင်းဆိုသည့် အတွက် နောက်တစ်နေ့ ဧပြီလ ၉ ရက်နေ့တွင် အမှုဖွင့် တရားစွဲဆို ခံခဲ့ရကြရသည်။
“ ဒီအမှုကငွေဒဏ်သုံးသောင်းမဟုတ်ရင် ထောင်ဒဏ်သုံးလချလို့ရတဲ့ ပုဒ်မပေါ့လေ။ ကျွန်တော်တို့ နှစ်ယောက်တည်းက စည်းကမ်းနဲ့အညီလုပ်ခဲ့ကြတာ။ မတ်လ ၂၉ ရက်နေ့က ခွင့်ပြုချက် ယူခဲ့သေးတယ်။ သူတို့ ခွင့်မပြုလို့ ကျွန်တော်တို့လည်း ခွင့်မပြုလည်း လုပ်မယ်ဆိုပြီးလုပ်ခဲ့တာ။ ကျွန်တော်တို့ ကျောက်ဖြူမြို့အတွက် စိုးရိမ်ခဲ့တဲ့အတွက်ပေါ့” ဟုပြောသည်။
၄င်းတို့နှစ်ဦးသည် ရေနံတင်သင်္ဘောများ ဝင်ထွက်မှုကို တားမြစ်ရန်သာမက ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ အချိန်နှင့် တပြေးညီသိရှိစေရန် အင်တာနက်ကိုပြန်ဖွင့်ပေးရန်၊ တိုက်ပွဲများ ရပ်ဆိုင်းပြီး နိုင်ငံရေးအရ အဖြေရှာရန် နှစ်ဖက်လက်နက်ကိုင်များအား တောင်းဆိုသည့် ဗွီနိုင်းများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။
https://www.facebook.com/narinjara.info/posts/4334961199849257