By Development Media Group (DMG)/ 2021 May 5
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၁ နှစ်ကျော်ကြာ ပိတ်ထားရသည့် ရခိုင်ပြည်စစ်တွေမြို့ရှိ အများပြည်သူဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုပြတိုက်နှင့် ဗုဒ္ဓပြတိုက်တို့ကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
ကိုဗစ် ၁၉ ရောဂါကူးစက်မှုပြန့်ပွားခြင်း မရှိစေရန်နှင့် လူစုလူဝေးမဖြစ်စေရန်အတွက် ပြတိုက်များကို ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးဗဟိုကော်မတီ၏ ညွန်ကြားချက်အရ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လမှစတင်ကာ ပိတ်ထားလိုက်ရခြင်းဖြစ်သည်။
လက်ရှိတွင်လည်း ကိုဗစ်ရောဂါပျောက်ကင်းနိုင်ခြင်းမရှိသေးသည့်အတွက် ပြတိုက်များကို ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်တွေဌာန (ခွဲ) မှ ညွန်ကြားရေးမှူး ဦးကြည်ခင်က ပြောသည်။
“ကိုဗစ်ကြောင့် ပိတ်ထားတာလေ။ ကိုဗစ်ရောဂါကြောင့် ဒီစစ်တွေမှာရှိတဲ့ ပြတိုက်တွေတစ်ခုတည်းမဟုတ်ဘဲနဲ့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြတိုက်တွေပိတ်ထားရတာ။ ကိုဗစ်ကာလမို့လို့ ကိုဗစ်ရောဂါထိန်းချုပ်ကာကွယ်ရေးဗဟိုကော်မတီရဲ့ ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးကို ပိတ်ထားရတာဖြစ်ပါတယ်။ ဘုရား၊ ပုထိုးစေတီတွေလည်း ပိတ်ထားတာလေ။ အဲဒီက တရားဝင်ပြန်ဖွင့်ဖို့ အမိန့်စာကျလာတဲ့အခါမှ ပြတိုက်တွေကို ပြန်ဖွင့်သွားမှာပါ။ ” ဟု ဆိုသည်။
ပြတိုက်များကို ပြန်ဖွင့်သည့်အချိန်တွင် ကိုဗစ် ၁၉ စည်းမျဉ်း၊ စည်းကမ်းချက်များနှင့်အညီ ပြန်လည်လုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။
စစ်တွေမြို့ရှိ ယဉ်ကျေးမှုပြတိုက်နှင့် ဗုဒ္ဓပြတိုက်တို့ကို ကိုဗစ်ကြောင့်ပိတ်ထားခြင်းမှာ စစ်တွေဒေသခံများအနေဖြင့် ထိခိုက်နစ်နာမှု မရှိသော်လည်း ပြည်မဖက်မှလာရောက်သည့် ဧည့်သည်များနှင့် နယ်ဖက်မှလာသည့် ဧသည့်များအတွက် နစ်နာမှုရှိပြီး စိတ်မကောင်းဖြစ်ရကြောင်း စစ်တွေဒေသခံ ဦးထွန်းအောင်စိန်ကပြောသည်။
“ကို ဗစ်ကြောင့် ပိတ်ထားရတယ်ဆိုပေမဲ့ ဒီကာလမှာ Mask တပ်ပြီးတော့ ဝင်လို့ရမယ်လို့ ထင်ပါတယ်။ အခုလိုမျိုး ကိုဗစ်ကြောင့် ပိတ်ထားရတယ်ဆိုတော့ တခြား ပြည်မဖက်ကလာတဲ့ သူတွေအတွက် ၂ ချက် နစ်နာတယ်။ ပြတိုက်က ရှေ့ဟောင်းပစ္စည်းတွေကို ကြည့်ရှု့ခွင့် ဆုံးရှုံးတယ်။ နောက်တစ်ချက်က စာကြည့်တိုက်က စာအုပ်တွေကို ဖတ်ရှု့ခွင့်နစ်နာတယ်။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အများမဟုတ်ရင်တောင်မှ တစ်ပတ်မှာ ၂ ရက်လောက်တော့ ဖွင့်သင့်ပါတယ်။ ” ဟု ဆိုသည်။
ယခင်က စစ်တွေမြို့သို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားခရီးသည်အများစုမှာ ယဉ်ကျေးမှုပြတိုက်နှင့် မဟာကုသလ ဘုန်းတော်ကြီးကျောင်းတို့ကို အများအပြားလည်ပတ်ကြပြီး ၂၀၁၂ ခုနှစ်ပွားခဲ့သည့် ဒေသတွင်းပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်သို့ နိုင်ငံခြားသားဝင်ရောက်မှု ကျဆင်းသွားသလို လက်ရှိတွင်လည်း ကိုဗစ်နှင့် ပြတိုက်များပိတ်ထားသည့်အတွက် ပြည်တွင်းမှ ဧသည်များမှာ ဝင်ရောက်လေ့လာနိုင်ခြင်းမရှိသလို အစိုးရအနေဖြင့် ပြတိုက်များပြန်ဖွင့်နိုင်ရန် နည်းလမ်းရှာသင့်ကြောင်း ဒေသခံများဝေဖန်နေကြသည်။
https://www.facebook.com/dmgnewsagency/posts/2006227659529635