By Development Media Group (DMG) / 2021 May 20
ရခိုင်ပြည် မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးကျေးရွာ၊ တောင်ပိုင်းရပ်ကွက်တွင် မေလ ၂၀ ရက်နေ့၊ နံနက် ၃ နာရီကျော်ခန့်က မီးလောင်မှုကြောင့် နေအိမ် ၁၄ လုံး မီးလောင်ကျွမ်းပျက်စီးကာ လူပေါင်း ၆၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်ဟု ကမ်းထောင်းကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်ခြင်းမှာ မုန့်ကြော်ရာမှ ဆီအိုးထဲကို မီးဝင်ကာ စတင်လောင်ကျွမ်းရခြင်းဖြစ်ပြီး နေအိမ် ၁၄ လုံးပြာကျသွားသလို တစ်စိတ်၊ တစ်ပိုင်း မီးလောင်သွားသည့် အိမ် ၁၀ လုံး အထိရှိခဲ့သည်။
ယင်းအထဲမှ ပြာကျသွားသည့် နေအိမ် ၁၄ ဆောင်မှ အမျိုးသား ၃၀ ကျော်နှင့် အမျိုးသမီး ၃၀ ကျော် စုစုပေါင်း ၆၉ ဦး အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် သိန်း ၈၅၇၀၀၀ ခန့်ရှိသည်ဟု ကမ်းထောင်းကြီး မီးသတ်ဌာနမှ တာဝန်ခံ ဦးတင်မြင့်က ပြောသည်။
“အိမ်က အကုန်လုံး ၂၄ ဆောင် လောင်သွားပါတယ်။ ၁၀ ဆောင်က အားလုံးပြာကျတဲ့အထဲမှာ ပါမသွားဘူး။ ကျနော်တို့ မီးသတ်က ရဲကိုတင်ပြပြီးတော့ ရဲက တရားစွဲပြီး အမှုဖွင့်ဖို့ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၈၅၇၀၀၀ နဲ့ စွဲချက်တင်ထားတယ်။ စလို့မီးလောင်တဲ့ နေအိမ်က လူကိုတော့ ထိန်းသိမ်းထားတယ်။ ပေါ့ဆမီးကြောင့် လုပ်တာဖြစ်ပါတယ်” ဟု ပြောသည်။
မီးလောင်ပြာကျသွားသည့် နေအိမ်များထဲတွင် အသက်ကြီးပိုင်း တစ်ဦးတည်းနေသည့် အိမ်များပါရှိသဖြင့် အိမ်ပြန်လည် တည်ဆောက်ရန် ငွေကြေးမတတ်နိုင်၍ အလှူရှင်များလိုအပ်နေသည်ဟု ကမ်းထောင်းကြီးကျေးရွာ နာရေးကူညီမှုအသင်း ဥက္ကဌ ကိုမောင်ချယ်ရီက ပြောသည်။
“ မောင်မောင်ချေအိမ်က မုန့်ကြော်နေတဲ့အခါ ဆီအိုးထဲကို မီးဝင်ပြီး စလောက်တာပါ။ ငါးနာရီကျော်လောက်မှာတော့ မီးငြိမ်းသွားပါတယ်။ မီးလောင်ပြာကျသွားတဲ့ အိမ်က လူတွေက နီးစပ်ရာ ပတ်ဝန်းကျင်အိမ်မှာ နေကြပါတယ်။ ကြေကွဲဖို့ကောင်းတာက အဘွားတစ်ယောက်တည်းနေတဲ့အိမ်။ အဘိုးနဲ့အဘွား နှစ်ယောက်တည်းနေတဲ့ အိမ်တွေ ပါသွားပါတယ်။ သူတို့ကအိမ် ပြန်ဆောက်နိုင်ဖို့ မလွယ်တော့ဘူး။ သူတို့အတွက် အိမ်ဆောက်ပေးဖို့ အလှူရှင်တွေ ပေါ်စေချင်တယ်” ဟု ပြောသည်။
လက်ရှိတွင် နေအိမ်များ မီးလောင်ပြာကျသွားသည့် သူများအား ကမ်းထောင်းကြီးကျေးရွာ၊ အုတ်ကျောင်းဆရာတော်ဘုရားကြီးမှ တစ်အိမ်ကို ငွေကျပ် ၂ သိန်းစီ ထောက်ပံ့ပေးပြီး နေစရာအိမ်မရှိသည့် သူများအနေဖြင့် အခက်အခဲဖြစ်ပေါ်နေသည်ဟု နေအိမ်တစ်ခြမ်းလောင်ကျွမ်းသွားသည့် ကိုထွန်းမြင့်စိုးက ပြောသည်။
“ ကျနော်တို့မှာ အိမ်ရှေ့ဖက် တစ်ခြမ်းပါသွားပါတယ်။ မုန့်လုပ်တဲ့ အိမ်က လောင်သွားတာပါ။ နီးစပ်ရာ မိသားစုဝင်တွေ ရှိတဲ့အိမ်တွေမှာ သွားနေကြပါတယ်။ အခုလက်ရှိက ကျောင်းထိုင်ဆရာတော်က တစ်အိမ်ကို ၂ သိန်းထောက်ပံ့ပေးတယ်။ ရွာထဲမှာ ရှိတဲ့ မီးသတ်ကားရောက်လာလို့ မဟုတ်လို့ရှိရင် တောင်ပိုင်းတစ်ခုလုံး ပြာကျသွားနိုင်တယ်။ အိမ်ပြာကျသွားတဲ့ အိမ်တွေမှာက အိမ်မရှိတော့ဘူး။ အဝတ်အစားကအစ ဘာမှမရလိုက်ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မီးလောင်မှုကြောင့် စစ်ဘေးရှောင်များနေထိုင်သည့် နေအိမ် ၆၆၃ ဆောင် မီးလောင်ပြာကျသွားခဲ့ပြီး သိန်းနှစ်ထောင်ကျပ်ခန့် ဆုံးရှုံးမှုရှိခဲ့သည်။
https://www.facebook.com/dmgnewsagency/posts/2018236038328797