By Western News/ 2021 May 20

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး၊ အလယ်ပိုင်းရပ်ကွက်တွင် နေအိမ်တစ်လုံး၌ မုန့်ကြော်ရာမှ မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၁၄ လုံးမီးလောင်ဆုံးရှုံးသွားကြောင်း နယ်မြေမီးသတ်စခန်းမှသတင်းရရှိသည်။
ယနေ့ မေလ ၂၀ ရက်နေ့ နံနက်ပိုင်း ၄ နာရီခန့်က အလယ်ပိုင်းရပ်ကွက်ရှိ ဒေါ်ကြည်ကြည်ဝင်း နေအိမ်တွင် မုန့်ကြော်ရာမှ မီးစတင် လောင်ကျွမ်းသွားခြင်းဖြစ်ပြီး နေအိမ် ၁၄ လုံးမှာပြာကျသွားကာ ယင်းမီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၈၅၇၀၀၀ ရှိကြောင်း ကမ်းထောင်ကြီးနယ်မြေစခန်းတာဝန်ခံ ဦးတည်ငြိမ်းက ပြောသည်။
“မီးက မနက်ပိုင်း ၄ နာရီလောက်ကနေ အဲ့လယ်ပိုင်းရပ်ကွက်က ဒေါ်ကြည်ကြည်ဝင်းဆိုတဲ့နေအိမ်က မုန့်ကြော် ရာကနေ စလောင်တာ။ ၅ နာရီ ၁၀ မိနစ်ဆိုရင် မီးလုံးဝငြိမ်းသွားပါတယ်။ အိမ်ကတော့ စုစုပေါင်း ၂၄ လုံးပေါ့။ အဲ့ဒီထဲက ၁၄ အိမ်က လုံးဝ ပြာကျသွားတယ်။ နောက် ၁၀ အိမ်က မီးမကူးစက်ရအောင် နည်းနည်းဖြိုဖျက်လိုက်ရတာပါ။ ဆုံးရှုံးမှု တန်ဖိုးကတော့ ၈၅၇၀၀၀ ရှိတယ်”ဟုပြောသည်။
ကမ်းထောင်းကြီးနယ်မြေ မီးသတ်စခန်းမှ မီးသတ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲပဝင် ၄ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦး နှင့် ရပ်ကွက်သားများမှ မီးငြိမ်းသတ်မှုကြောင့် ၅ နာရီ ၁၀ မိနစ်တွင် မီးလုံးငြှိမ်းသွားခဲ့ကြောင်းသိရသည်။ မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးသွားသည့် မိသားစုဝင်များသည် နီးစပ်ရာဆွေးမျိုးထံမှာ နေထိုင်ကြပြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သတ်၍ အရေးယူဆောင်ရွက်မှုကို ရဲတပ်ဖွဲ့နှင့်ဆောင်ရွက်နေကြောင်း ၎င်းကဆက်ပြောသည်။
ရခိုင်ပြည်နယ်တွင် ဇန်နဝါလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်အထိ ပေါ့ဆမီး ၅ ကြိမ်၊ မီးဖိုမီး ၁၃ ကြိမ်၊ အလို အလျောက် မီး ၁ ကြိမ်၊ လျှပ်စစ်မီး ၃ ကြိမ်၊ ရှို့မီး ၇ ကြိမ်၊ တောမီး ၂ ကြိမ်ခန့် လောင်ကျွမ်းခဲ့ပြီး မီးလောင်မှု ဖြစ်စဉ်အတွင်း ဆုံးရှုံးမှု ကာလတန်းဖိုး ၆၇၃၇၂၀၀၀ ကျပ်ခန့် ရှိခဲ့သည် ရခိုင်ပြည်နယ်မီးသတ်ဦးစီး ဌာနမှ သိရသည်။
ယင်းထဲတွင် မတ်လ ၁၇ ရက်နေ့က မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွားရှိ တိမ်ညိုစစ်ဘေးရှောင် စခန်းမီး လောင် မှုတွင် အိမ် ၆၉၉ လုံးခန့် လောင်ကျွမ်းခဲ့ပြီ ယင်းမီးလောင်မှုမှာ၂၀၂၁ ခုနှစ်အတွင်း ဆုံးရှုံးမှု တန်းဖိုးအများဆုံး ဖြစ်သည့် မီးလောင်ကျွမ်းမှုဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/294024665737378