Wave Money ဆိုင်များတွင် ငွေလွှဲသာရပြီး ငွေထုတ်၍ မရသည့်အတွက် အခက်ကြုံနေ

By Western News/ 2021 April 6

ရခိုင်ကမြို့နယ်များရှိ Wave Money ဆိုင်များတွင် ယခုရက်ပိုင်းအတွင်း ငွေလွဲသာရပြီးငွေထုတ်၍ မရသည့်အတွက် ငွေထုတ်လို သူများအခက်ကြုံ နေရကြောင်းသိရှိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းခန့်က ငွေလွှဲ၊ ငွေထုတ်၍ အဆင်ပြေနေသော်လည်း ယခုရက်ပိုင်းအတွင်းတွင် ငွေလွှဲ၍သာရပြီး ငွေပြန်ထုတ်၍ မရသည့်အတွက် စီးပွားရေးလည်ပတ်မှုများအခက်ကြုံနေကြောင်း စစ်တွေမြို့ ရူပမြောက်ရပ်ကွက်မှ ကုန်သည်တစ်ဦးကပြောသည်။

“ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကရသေးတယ်။ ငွေလွှဲတာလည်းရတယ်။ ငွေထုတ်တာလည်းရတယ်။ ကျွန်တော်တို့က ပြည်မဖက်ကနေ ကုန်ပစ္စည်းတွေမှာယူတဲ့အခါ သူတို့ဖက်ကိုငွေလွှဲရတယ်။လွှဲတာကအဆင်ပြေတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ကုန်ပစ္စည်းတွေ ရောက်တဲ့အခါ ပစ္စည်းတွေကိုမြို့နယ်အသီးသီးကိုဖြန့်ဝေရတာပေါ့။ အဲ့ဒီအခါ သူတို့ ဖက်က ငွေလွှဲတဲ့အခါ ကျွန်တော်တို့က ငွေထုတ်လို့မရတော့ဘူး။ ဆိုတော့ ကျွန်တော်တို့ စီးပွားရေးက လတ်ပတ် မှုမရှိတော့ဘူး။ အခက်ကြုံနေရပါတယ်။ ဆိုင်တွေမှာ ငွေသွားထုတ်တော့ သူတို့ကဘဏ်ကနေ ငွေအဆင်မပြေတဲ့ အတွက် ငွေထုတ်လို့မရတာတဲ့”ဟုပြောသည်။

သို့သော်လည်း မြို့နယ်အချို့များ၌ တစ်ချို့သောဆိုင်များတွင် ငွေပမာဏအပေါ်မှုတည်ပြီး ငွေထုတ်၍ ရသော်လည်း ငွေပမာဏများလျှင် ငွေထုတ်မပေးကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာမှ မသန်းသန်းခိုင်ကပြောသည်။

“ကျွန်မတို့ ရွာမှာတော့ ငွေပမာဏ အများကြီးဆိုရင် ထုတ်မပေးပါဘူး။ ငွေပမာဏ အနည်းငယ်ဆိုရင်တော့ထုတ် ပေးပါတယ်။ ကျွန်မအခုခဏကပဲ ငွေတစ်သိန်းထုတ်လာတာပါ။ ကျွန်မတို့ ရွာမှာ ရှိတဲ့ Wave Money ဆိုင်ကနေ ထုတ်လာတာပါ”ဟု ပြောသည်။

လက်ရှိတွင် ရိုးမဘဏ်မှ တစ်ပတ်လျှင် ငွေကျပ် ၅ သိန်းသာထုတ်ပေးသဖြင့် အကောင့်ထဲမှ ငွေများကိုထုတ်ယူရန်အခက်ကြုံနေရ သည့်အတွက် ငွေလွှဲသာရပြီး ငွေထုတ်မှုကိုရပ်နားထားရခြင်းဖြစ်ကြောင်း စစ်တွေမြို့မှ Wave Money လုပ်ကိုင်သူ တစ်ဦး ကရှင်းပြသည်။

“ကျွန်တော်တို့ Wave money လုပ်ငန်းဟာ ရိုးမဘဏ်နဲ့ တွဲလုပ်တာပေါ့။ ဘဏ်ကနေ ငွေက တစ်ပတ်ကို ၅ သိန်းပဲထုတ်လို့ ရပါတယ်။ ဒါကြောင့်ငွေတွေက အကောင့်ထဲမှာပဲ ရှိနေတော့ ငွေထုတ်ပေးဖို့ အဆင်မပြေဘူး။ ဘဏ်ကနေ ငွေထုတ်ပေးမှ အကောင့်ထဲက ငွေတွေကိုထုတ်ပြီး ငွေထုတ်လိုတဲ့ သူတွေကိုထုတ်ပေးနိုင်မှာပါ”ဟုပြောသည်။

အင်တာနက်ဖြတ်ထောက်ထားသောကြောင့် တစ်ချို့သော မြို့နယ်များမှ Wave Money ဆိုင်များ ငွေထုတ်ငွေလွဲမှုများ ရပ်ဆိုင်းနေရ ကြောင်းသိရသည်။ ရိုးမဘဏ်လီမိတက်မှ ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့ကထုတ်ပြန်ချက်တွင် မိုဘိုင်း အင်တာနက်ဖြတ်တောက်ထားသည့် အတွက် ဘဏ်ကဒ်များဖြင့် ငွေပေးချေခြင်းကို ပြုလုပ်နိင်တော့မည် မဟုတ်ကြောင်းက Customerသို့ အသိပေးထားသည်။

Wave Money လုပ်ငန်းလုပ်ကိုင်သူအများစုမှာ ရိုးမဘဏ်ကိုသာ အသုံးပြု၍ ငွေလွဲငွေထုတ်လုပ်ကိုင်နေခြင်း ဖြစ်သည့်အတွက် လက်ရှိတွင် ဘဏ်မှလည်း ငွေထုတ်ယူရမည့် ပမာဏကိုကန့်သတ်ထားသည်။ ယင်းကဲ့သို့ ငွေလွှဲ သာရပြီး ငွေထုတ်ခြင်း ရပ်ဆိုင်းထားသောကြောင့် ငွေထုတ်လို သူများအခက်ကြုံ နေရခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/265378651935313

Leave a Reply

Your email address will not be published.