By Western News/ 2021 April 29
ရခိုင်ပြည်တွင် မြို့နယ်တစ်ခုမှ တစ်ခုသို့ ပြေးဆွဲနေသော လိုင်းကား(အငှားကား)များမှာ Covid ကာလလွန်မြောက်သော်လည်း မူလဈေးနှုန်းသို့ ကျဆင်းသွားခြင်းမရှိဘဲ ကားခစျေးနှုန်းများမြှင့်တက်လာကြောင့်ခရီးသည်များကပြောဆိုသည်။
ရခိုင်တွင် ၂၀၂၀-ခုနှစ်၊ သြဂုတ်လ မှစတင်၍ဖြစ်ပွားခဲ့သည့် Covid ရောဂါစတင်ခဲ့ရာ ယင်းကာလမှစ၍ မြို့နယ် အလိုက်ပြေးဆွဲနေသည့် လိုင်းဆွဲကားများ၏ ဈေးနှုန်းများမှာ မြင့်တက်သွားခြင်းဖြစ်ပြီး Covid ရောဂါအခြေအနေ များငြိမ်သက်သွားသည့်အချိန်သို့ ရောက်နေ သော်လည်း ယခင်ဈေးနှုန်းအတိုင်းပြေးဆွဲခြင်းမရှိတော့ကြောင်း မြို့နယ်အလိုက်လိုင်းဆွဲနေသည့် ကားသမားများ၏ ပြောကြားချက်အရ သိရသည်။
စစ်တွေ- မြောက်ဦးသို့ပြေးဆွဲနေသည့် လိုင်းကားပိုင်ရှင်တစ်ဦးဖြစ်သည့် ယာဉ်မောင်း ကိုသန်းချေက“ဈေးနှုန်းတွေကတော့ Covid ကာလမှာစပြီးဈေးတက်သွားတာပါ။ ခုပြေးဆွဲနေတဲ့ဈေးနှုန်းတွေကတော့ Covid တုန်းကထက်ဈေးကျ သွားတယ်။ မူလဈေးနှုန်းတော့ ပြန်မရောက်သွားဘူးပေါ့” ဟုသူကဆိုသည်။
ယခင် Covid မဖြစ်မီ လိုင်းဆွဲအားများ၏ဈေးနှုုန်းမှာ တစ်ဦးလျှင် စစ်တွေ-မြောက်ဦး ၅,၀၀၀ ကျပ်၊ စစ်တွေ-ကျောက်တော် ၃,၀၀၀ ကျပ်၊ စစ်တွေ-ပုဏ္ဏားကျွန်း ၃,၀၀၀ ကျပ် ဖြစ်ပြီး Covid ကာလတွင် စစ်တွေ-မြောက်ဦး ၃၀,၀၀၀ ကျပ်၊ စစ်တွေ-ကျောက်တော် ၂၀,၀၀၀ ကျပ်၊ စစ်တွေ-ပုဏ္ဏားကျွန်း ၁၀,၀၀၀ ကျပ် ထိဈေးမြင့်သွားကာ ယခုလက်ရှိတွင် စစ်တွေ-မြောက်ဦး ၁၀,၀၀၀ ကျပ်၊ စစ်တွေ-ကျောက်တော် ၁၀,၀၀၀ ကျပ်၊ စစ်တွေ-ပုဏ္ဏားကျွန်း ၃,၀၀၀ ကျပ်ဖြင့်ပြေးဆွဲနေကြကြောင်း လိုင်းကားပြေးဆွဲနေသူများကပြောသည်။
ယာဉ်လိုင်းကားပြေးဆွဲသည့်ဈေးနှုန်းများမှာ Covid ကာလဈေးနှုန်းထက်နိမ့်ကျသွားသော်လည်း ယခင်ဈေးနှုန်းအတိုင်းပြန်မ ရောက်နိုင်တော့ခြင်းမှာ ခေတ်ကာလအရနှင့် စက်သုံးဆီဈေးနှုန်းများမြင့်တက်လာခြင်းနှင့်လည်းသက်ဆိုင် ကြောင်း စစ်တွေ-မြောက်ဦး ပြေးဆွဲနေသည့်ကားသမားတစ်ဦးမှပြောသည်။
“ဈေးတက်ရတဲ့အကြောင်းရင်းကတော့ ပြောရရင် ခေတ်ကာလအရပေါ့။ ပြီးတော့ဆီဈေးတွေတက်တာလည်းပါတယ်လေ” ဟုဆိုသည်။
ခရီးသွားလာရာ၌ လိုင်းဆွဲကားများကိုအသုံးပြုသောခရီးသည်များအနေဖြင့် ယင်းသို့ဈေးနှုန်းမြင့်တက်ပြီး မူလဈေး နှုန်းသို့ပြန်မရောက် ရှိတော့ခြင်းကြောင့် ခရီးသွားရန်အသုံးစရိတ်ပိုရှာဖွေရပြီး၊ လိုအပ်သည်ထက်ပိုအကုန်အကျများ သွားကြောင်း သို့ဖြစ်၍ ဈေးနှုန်းများ လျော့ချနိုင်လျှင်လျော့ချစေလိုကြောင်း စစ်တွေမှမြောက်ဦးသို့ လိုင်းကားကို အသုံးပြု၍ခရီးသွားလာနေသူ မနန်းသူဇာမှပြောသည်။
“အရင်က ၅၀၀၀ နဲ့ရတဲ့ခရီးတစ်ခုက ၁၀,၀၀၀ ဖြစ်သွားတော့ အသုံးစရိတ်ပိုလိုပြီလေ။ သွားစရိတ်လာစရိတ်နဲ့တင် တော်တော် အကုန်အကျများသွားတော့တာမျိုးဖြစ်သွားတယ်။ ဈေးနှုန်းလျော့ချလို့ရရင်တော့ လျော့စေချင်တယ်” ဟုဆိုသည်။
ရေကြောင်းခရီးသွားယာဉ်များအနေဖြင့်လည်း စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် သင်္ကြန်ကာလအလွန်တွင် ဈေးနှုန်းတိုးမြင့် ကောက်ခံလျက်ရှိကြောင်းသိရသည်။
ရခိုင်တွင် ရေကြောင်းခရီးအတွက် ရွှေပြည်တန်၊ ရွှေနဒီ၊ မင်းပြားအဥ္စနနဒီ၊ ကစ္ဆပနဒီ၊ မလိခ၊ အောင်ကျော်မိုး စသည့်ရေယာဉ်များကို အသုံးပြုပြီး ကုန်းလမ်းခရီးကိုလိုင်းကားများအားအဓိကအသုံးပြု၍သွားလာကြသည်။
https://www.facebook.com/westernnewsagency/posts/280430730430105