BXT မြို့ပြစီမံကိန်းမြေနေရာတွင် ဆိပ်ကပ်ရန် နေရာတစ်ခုသာရှိ၍ သဗ္ဗာန်သည်များ အခက်ကြုံနေရ

By Western News/ 2021 April 29

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ကြောင်းတစ်လျှောက် အမှိပြု၍ လုပ်ကိုင်စားသောက်နေကြသောသဗ္ဗာန်(အငှားလှေ)သမားများမှာ မိမိတို့သဗ္ဗာန်များကိုဆိပ်ကမ်းကပ်ရန် နေရာမလုံလောက်သဖြင့် အခက်အခဲကြုံတွေ့နေရသည်ဟု သဗ္ဗာန်သမားများကပြောသည်။

ယခင်ကသဗ္ဗာန်သမားများအတွက် ၎င်းတို့သဗ္ဗာန်းများကိုကမ်းကပ်နိုင်ရန် စစ်တွေမြို့ရှိ ကုလားတန်မြစ်ကြောင်း တစ်လျောက်၌ ကုလားချောင်းဆိပ်၊ အေးစေတီဆိပ်၊ ညောင်ပင်စံဆိပ်၊ ငွေနဒီတိုက်တန်းဆိပ်နှင့် ဈေးဆိပ် စသည့်ဆိပ်ကမ်း (၅)နေရာ ရှိခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါသဗ္ဗာန်ဆပ်ကမ်း ၅ ခု၏နေရာ၌ ကိုးရီးယားဆိပ်ကမ်း(ခေါ်)BXT မြို့ပြ စီမံကိန်းကို ၂၀၀၈ – ခုနှစ်မှစတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ – ခုနှစ်တွင်စီမံကိန်းပြီးဆုံးခဲ့ပြီး ၎င်းစီမံကိန်းမှာ ကမ်းရိုးတန်းတစ်လျှောက် အိမ်ရာမြေများ စီမံဖော်ဆောင်ခြင်း ဖြစ်သည်။

အဆိုပါကိုးရီးယားဆိပ်ကမ်း(ခေါ်)BXT မြို့၌ သဗ္ဗာန်သမားတို့အတွက် သဗ္ဗာန်များကမ်းကပ်နိုင်ရန် ယခင်အစိုးရ လက်ထက် ဆိပ်ကမ်း တစ်ခုပြုလုပ်ပေးခဲ့သော်လည်း ကမ်းကပ်ဆိပ်ကမ်းတစ်ခုတည်းဖြစ်သည့်အတွက် သဗ္ဗာန်များမှာစုပြုံကာကမ်းကပ်နေရသဖြင့် အဆင်မပြေဖြစ်ကြောင်း သဗ္ဗာန်သမားတစ်ဦးဖြစ်သည့် ဦးနီလှမောင် ကပြောသည်။

“အရင်ကဆိုနီးတဲ့ဆိပ်ကမ်းမှာကမ်းကပ်လိုက်ရင်အဆင်ပြေပါတယ်။ ခုကကျတော့ရထားတဲ့ဆိပ်ကမ်းတစ်ခုကိုပဲ ရောက်အောင်သွား ရတော့တာပေါ့။ ဒီလိုဆိပ်ကမ်းတစ်ခုရဖို့ကို ကျွန်တော်တို့သဗ္ဗာန် သမားတွေကြိုးစားပြီး တောင်းခံထားကြရတာပါ။ ဆိပ်တစ်ခုတည်းမှာ သဗ္ဗာန် တွေအကုန်ကမ်းကပ် နေရတာလည်းတော်တော် အဆင်မပြေပါဘူး” ဟု ဦးနီလှမောင်ကဆိုသည်။

ယင်းအပြင် သဗ္ဗာန်သမားများမှာ မိုးရာသီသို့ရောက်ရှိလာလျင်လည်း ၎င်းတို့သဗ္ဗာန်များကိုကမ်းကပ်သည့်အချိန်တွင် လှိုင်းလေများကြီးသည့်အတွက် စီမံကိန်းဖြင့်တည်ဆောက် ထားသောကျောက်တန်း ဘောင်များတွင် သဗ္ဗာန်များတိုက်မိကာ အပျက်အစီးများနှင့်ကြုံတွေ့နေရကြောင်း သဗ္ဗာန်သမားဦးဝေသာထွန်းက ပြောသည်။

“မိုးတွင်းကာလဆိုရင်လုပ်ကိုင်ရတာတွေအဆင်မပြေတော့ဘူး။ အဲဒီကာလဆိုရင်ဆိပ်ကမ်းကရေနက်ကျသွား တော့ လှိုင်းလေကြီး လာရင်အဆင်မပြေဘူး။ သဗ္ဗာန်ကဆိပ်ကမ်းနံရံတွေကိုသွားရိုက်မိတာတွေရှိတယ်၊ တစ်ခါတစ် လေဆို အပျက်အစီးတွေ ဖြစ်တတ်ပါ တယ်။ ပုံမှန်ဆိုဆတ်ရိုးကျချောင်းထဲဝင်ခိုလို့ရပါတယ်။ ခုကကမ်း ကပ်မယ့် နေရာကတစ်ခုပဲရှိတာဆိုတော့ အဆင်မပြေပါဘူး။ အဲဒါကြောင့်မိုးတွင်းဆိုအလုပ်မဲ့ဖြစ်ရပါတယ် ”ဟုဆိုသည်။

ရခိုင်ပြည်စစ်တွေမြို့ရှိ ကုလားတန်မြစ်ကြောင်းတစ်လျောက်၌ လုပ်ကိုင်စားသောက်နေကြသည့်သဗ္ဗာန် အရေအတွက် မှာ ၁၈၉ – စီးရှိပြီး ၎င်းသဗ္ဗာန်များနှင့် မှီ၍လုပ်ကိုင်နေကြသည့်အလုပ်သမားဦးရေမှာ ၄၀၀ ကျော်ရှိသည်။

https://www.facebook.com/westernnewsagency/posts/280219203784591

Leave a Reply

Your email address will not be published.