By Western News/ 2021 April 9

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လမှ စတင်ကာ ကိုဗစ်ရောဂါကြောင့် ပိတ်ထားရသည့် မောင်တောနယ်စပ်ကုန်သွယ် ရေးမှာ ၉ လ ကြာသည်အချိန်ထိပြန်ဖွင့်နိုင်သေးခြင်းမရှိသေးကြောင်းသိရသည်။
အဆိုပါ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှာ ရခိုင်ပြည်နှင့်ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေးပြုလုပ်သည့် အဓိကကုန်သွယ်ရေး စခန်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ နှစ်သြဂုတ်လ ကိုဗစ်ရောဂါဖြစ်ပွားချိန်မှစ၍ ၉ လကျော်ကြာပိတ်ထားရခြင်းဖြစ်သည်။
လက်ရှိတွင်လည်း နယ်စပ်ကုန်သွယ်ရေးအမြန်ဆုံးပြန်လည်ဖွင့်နိုင်ရေးအတွင် ပြည်နယ်ကောင်စီတွင်ဆွေးနွေးချက်များလုပ်နေပြီး ကောင်စီမှ စာရွက်စာတန်းများဖြင့်တရားဝင် ခွင့်ပြုစာရလျှင်ပြန်လည်ဖွင့်နိုင်ဖြစ်ကြောင်း မောင်တောနယ်နယ်စပ်ကုန်သွယ်ရေး အသင်းဥက္ကဌ ဦးအောင်မြင့်သိန်း ကပြောသည်။
“ကျွန်တော်တို့ စစ်တွေကုန်သွယ်ရေးအသင်းတွေကော မောင်တောကုန်သွယ်ရေးအသင်းပါ ပြည်နယ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့အပိုင်းတွေရှိပါတယ်။ ဆွေးနွေးမှုကတော့ နောက်ဆုံးအဆင့်ရောက်နေပါပြီ။ ခွင့်ပြုစာရရင်ကျွန်တော်တို့ ကုန်သွယ်ရေး စလို့ရပြီပေါ့။ ခုကသင်္ကြန်ကာလလည်း နီးလာပြီဆိုတော့လေ ကျွန်တော် တို့ လောလောဆယ်တော့ ပြန်မဖွင့်သေးဘူး။ ပြန်ဖွင့်မဲ့ ရက်ကိုလည်း အတိအကျပြောလို့မရသေးပါဘူး။ ဒါပေမယ့် သိပ်မကြာတော့ပါဘူး။ ကျွန်တော်တို့ ပြန်ဖွင့်နိုင်အောင် ကြိုးစားနေပါတယ်”ဟုပြောသည်။
အဆိုပါမောင်တောကုန်သွယ်ရေးစခန်းမှ ရခိုင်ပြည်နယ်မှထွက်ရှိသည့် ကြက်သွန်အပါအဝင်မီးဖိုချောင်သုံး ကုန်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှု ၉၀ ရာခိုင်နှုန်းအထိပို့ဆောင်ခဲ့သည်။
ကုန်သွယ်ရေးစခန်းကို ၉ လကျော်ကြာပိတ်ထားရသည့်အတွက်ကြောင့် အထက်ပါတင်ပို့ကုန်များကို မတင်ပို့နိုင်သဖြင့်စီးပွားရေး သမားများကိုလည်းထိခိုက်မှုရှိသည့်အပြင် ကုန်တင်ကုန်ချအလုပ်သမားများပါထိခိုက်နစ်နာမှုများရှိနေသည်ဟု ဦးအောင်မြင့်သိန်းက ဆက်ပြောသည်။
နယ်စပ်ကုန်သွယ်ရေးကို အမှီပြုစားသောက်နေသည့်တောင်သူများ၊ ကုန်သည်များ၊ကားသမားများနှင့် အလုပ်သမားများ အဆင်ပြေစေရန်အတွက် စီးပွားကူးသန်းဝန်ကြီးဌာန၊ ပြည်နယ်ကောင်စီ၊ ရခိုင်ပြည်နယ်ရှိ သက်ဆိုင်ရာ ဌာနများ ညှိနှိုင်းပြီးအမြန်ဆုံးပြန်ဖွင့်ရန်ကြိုစားနေကြောင်း ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းထုတ်ပြန်ကြားရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းက ဧပြီလ ၁ ရက်နေ့က ဥပဒေချုပ်ရုံးတွင်သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသည် ရခိုင်ပြည်နယ်၏ အရေးပါသည့်နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်ပြီး မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ ဝင်ငွေမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် အထိရှိကြောင်းလည်းသိရသည်။
https://www.facebook.com/westernnewsagency/posts/267367098403135