(၆)ရက်တိုင်တိုင်ကျင်းပမည့် ကျောက်တော်တောင်ဘုရားပွဲ ယနေ့စပြီ

By Narinjara/ 2021 April 27

ချစ်အိလှိုင်

(၆)ရက်တိုင်တိုင်ကျင်းပမည့် ရခိုင်ပြည်နယ်ရှိ ကျောက်တော်တောင်ဘုရားပွဲကို ယနေ့စတင်ကျင်းပနေပြီဟု သတင်းရရှိသည်။

အဆိုပါပွဲကို ယနေ့ ဧပြီလ ၂၇ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ (၆)ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ပြီး ယနေ့တွင် ဘုရားရင်ပြင်၌ ဗုဒ္ဓပူဇနိယ ပဋ္ဌာန်းတရားပွဲကို စတင်ပြုလုပ်နေပြီဟုလည်း သိရသည်။

အဆိုပါဘုရားပွဲတွင် ပြိုင်လောင်း(လှေ) ပြိုင်ပွဲများအပါအဝင် ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားစွာကျင်းပသွားမည်ဟုလည်း ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းက နိရဥ္စရာကို ပြောသည်။

“အစကတော့ ဆရာတော်ကြီးတွေနဲ့ ဦးလေးတို့က ပျော်ပွဲရွှင်ပွဲတွေမပါပဲ ပဋ္ဌာန်းပွဲတစ်ခုပဲ လုပ်မလို့ပါ။ ဒါပေမယ့် လူငယ်တွေကတောင်းဆိုလို့ အစည်းဝေးလုပ်ပြီး ပျော်ပွဲရွှင်ပွဲတွေထည့်ပေးဖို့ ဆုံးဖြတ်လိုက်ကြတာပါ။” ဟုပြောသည်။

ပွဲတော်ကာလအတွင်း ဧပြီလ ၂၈ ရက်နှင့် ၂၉ ရက်များတွင် အမျိုးသမီးလွန်ဆွဲပွဲကိုကျင်းပသွားမည်ဖြစ်ပြီး ၃ဝ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ ချောတိုင်တက်ပွဲများနှင့် ပြိုင်လောင်း (လှေ)ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဟု ပွဲကျင်းပရေးကော်မတီမှ သိရသည်။

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ မအေးသန္တာကျော်က “ လူငယ်တစ်ယောက်အနေနဲ့ ဒီပွဲမကျတာ နှစ်နှစ်ရှိခဲ့ပြီဆိုတော့ အခုပွဲကျမယ်ဆိုလို့ ပျော်ပါတယ်။ မကြိုက်တဲ့လူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ရခိုင်မှာတိုက်ပွဲတွေကြောင့် အများကြီးခံစားထားရတဲ့လူတွေမို့ ဒီပွဲလေးကျမယ်ဆိုလို့ ဝမ်းသာမိပါတယ်။ ကလေးတွေလည်း ပျော်နေကြတယ်။ ” ဟုပြောသည်။

ကျောက်တော်တောင်ဘုရားပွဲကို ယခင်နှစ်များက ပဋ္ဌာန်းရွတ်ဖတ်ခြင်းနှင့် ဇာတ်သဘင်ပွဲများ၊ ရခိုင်ရိုးရာကျင်ကိုင်ပွဲများ၊ ခြင်းလုံးပြိုင်ပွဲများ၊ ဘောလုံးပွဲများ၊ ချောတိုင်တက်ပွဲများအပါအဝင် အခြား ပျော်ပွဲရွှင်ပွဲများဖြင့် ကျင်းပတတ်သည်။

နှစ်စဉ်သင်္ကြန်လွန်စတွင် ကျင်းပတတ်သည့်အတွက် ရခိုင်တို့၏ ဒုတိယသင်္ကြန်ဟုပင် တင်စားတတ်ကြသည်။

သို့သော် ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် အဆိုပါပွဲကို ကျင်းပခွင့်မရသည်မှာ (၂)နှစ်ကြာမြင့်နေပြီး ယခုနှစ်တွင် ဒေသတည်ငြိမ်အေးချမ်းနေ၍ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်သည်။

ရခိုင်သမိုင်းအရ မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် ရခိုင်ပြည်ဓညဝတီသို့ ကြွချီခဲ့ရာ ကစ္ဆပနဒီ(ကုလားတန်မြစ်)၏ အရှေ့ဖက်ကမ်းရှိ မောရပဗ္ဗတအမည်ရှိ သေလာဂီရိ ကျောက်တော်တောင်ထိပ်၌ ဆင်းသက်ရပ်နားတော်မူခဲ့ကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/4263254477019930

Leave a Reply

Your email address will not be published.