ဧပြီ ၂၇ ရက်နေ့တွင် ကျရောက်မည့် ခမီအမျိုးသားနေ့ကို အကျဉ်းချုပ်သာကျင်းပတော့မည်

By Western News/ 2021 April 25

ယခင်နှစ်များက ခမီအမျိုးသားနေ့ကို တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်ပွဲတော်အား အကျဉ်းချုပ်သာကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းပွဲကျင်းပရေးကော်မတီများကပြောသည်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ကျရောက်မည့် ၁၁ ကြိမ်မြောက် ခမီအမျိုးသားနေ့ကို ခမီအမျိုးသားစာပေယဉ်ကျေးမှုအဖွဲ့ ကဦးဆောင်ပြီး ကိုဗစ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ ခေမာမဏ္ဍိုင်ကျောင်းတိုက်ဝင်းအတွင်းရှိ ခန်းမကြီးတွင်ကျင်းပသွားဖို့ပြင်ဆင်နေသည်။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံမှ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်များအားလူဦးရေကန့်သတ်ချက်ဖြင့် တက်ရောက်ရန် ဖိတ်ကြားထားပြီး ခမီတိုင်းရင်းသားမျိုးနွယ်စုတို့ပူးပေါင်းဆောင်ရွက်မူအင်အားဖြင့် အကျဉ်းချုပ်သာကျင်းပသွားမည်ဟု ခမီအမျိုးသားစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးလေကျော်အောင်က Western News သို့ပြောသည်။

“ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ အကျဉ်းချုပ်ပြုလုပ်သွားမယ်။ နှစ်စဉ်ဆိုရင် တိုင်းရင်းသား တွေရဲ့အကပေါင်းစုံကိုဖော်ပြကြတယ်။

ကျင်းပပြုလုပ်ဖြစ်တဲ့မြို့နယ်တွေမှာကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ခဲ့တယ်ပေါ့။ ဒါပေမယ့် ဒီနှစ်တော့ ဖိတ်ကြားထားတဲ့ ရခိုင်ပြည်နယ် မြို့နယ်ပေါင်းစုံက ရခိုင်တိုင်းရင်းသားမျိုးနွယ်စုကိုယ်စားလှယ်တွေနဲ့ပဲ အကျဉ်းချုပ်သာကျင်းပမယ်” ဟုပြောသည်။

ခမီတိုင်းရင်းသားများသည် ၎င်းနေ့တွင် မျက်နှာစုံညီ တွေ့ဆုံမှုများဖြင့် တစ်ဦးနှင့် တစ်ဦးအပြန်အလှန်နားလည်မူများ ရယူနိုင်ရန်နင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအားလုံးစည်းလုံးညီညွတ်မှုရရှိစေရန်ရည်ရွယ်ပြီး ခမီအမျိုးသားနေ့ကိုအစဉ် အလာအရပြုလုပ်ကျင်းပ ရခြင်းဖြစ်သည်ဟုလည်း သူကပြောသည်။

ပြီးခဲ့သည့်နှစ်များက ရခိုင်ပြည်နယ်၌ ခမီအမျိုးသားနေ့ကို မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တော၊ ဘူးသီးတောင်မြို့နယ်၊ စစ်တွေမြို့နယ်တို့တွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်ဖွားဌာနေ တိုင်းရင်းသားမျိုးနွယ်စု ( ၇ ) မျိုးဖြစ်သည့် မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မာရမာကြီး၊ ရခိုင်နှင့် ကမန်လူမျိုးများ ဖြစ်ကြပြီး ခမီလူမျိုးတို့မှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော် ဘူးသီးတောင်၊ မြောက်ဦးနှင့် စစ်တွေမြို့နယ် စသည့်မြိုနယ်များတွင် အများဆုံးနေထိုင်လျှက်ရှိကြသည်။

https://www.facebook.com/westernnewsagency/posts/277792354027276

Leave a Reply

Your email address will not be published.