ဦးညီပုနှင့် လွတ်လပ်စွာတွေ့ခွင့်မရသရွေ့ တရားခွင်၌ တစ်စုံတစ်ရာ မေးခွန်းထုတ်သွားမည်မဟုတ်ဟု ရှေ့နေပြော

By Western News/ 2021 April 22

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၏ တရားလိုပြသက်သေ ၄ ဦးရှိသည့်ထဲမှ တစ်ဦးကို ဧပြီလ ၂၁ ရက် နံနက်က စစ်တွေမြို့နယ် တရားရုံးတွင် အွန်လိုင်းစနစ်ဖြင့်ရုံးထုတ်စစ်ဆေးခဲ့သည်ဟု အမှုကိုလိုက်ပါ ဆောင်ရွက် ပေးနေသည့် ရှေ့နေက ပြောသည်။

ယခုပတ်ရုံးချိန်းတွင် တရားလိုပြသက်သေတစ်ဦးဖြစ်သည့် စစ်တွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒု-ဦးစီးဦးဝင်းမောင်ကို စစ်ဆေးခဲ့သည်။ ဗွီဒီယို ကွန်ဖရင်ဇင်းအွန်လိုင်းနှင့် ဦးညီပု၏ ရုံးထုတ်စစ်ဆေးခဲ့သော်လည်း ၎င်းနှင့် လွတ်လပ်စွာတွေ့ဆုံဆွေးနွေးခွင့် မရရှိသရွေ့ တရားခွင်၌ တစ်စုံတစ်ရာ အပြန်အလှန်မေးခွန်းထုတ်သွားမည်မဟုတ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းက Western News ကိုပြောသည်။

“ မနေ့ကရုံးချိန်းမှာ တရားလိုပြသက်သေဖြစ်တဲ့ စစ်တွေမြို့နယ် ဒုဦးစီးကိုစစ်ဆေးခဲ့တယ်။ အွန်လိုင်းနဲ့။ တရားရုံးကတော့အမှု စစ်ဆေး တယ်။ ဒါပေမဲ့ကျွန်တော် တို့ကတော့ ဦးညီပုနဲ့လွတ်လပ်လွတ်လပ် တွေ့ဆုံလို့မရ သရွေ့တော့ အမှုကိုမစစ်ဆေးဘူး။ မစစ်ဘူးဆိုတာက ကျွန်တော်တို့ကအပြန်အလှန်မေးခွန်းမမေးဘူး။ တရားခွင်မှာ ဘဲထိုင်နေခဲ့တာ။ ရုံးချိန်မှာတော့ ဦးညီပုဇနီးနဲ့ အွန်လိုင်းက ၁၅ မိနစ်လောက်တွေ့ခွင့်ရခဲ့တယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့၊ ယနေ့ရုံးချိန်းတွင်လည်း ဦးညီပု၏ ရှေ့နေများက ဦးညီပုနှင့်ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပြီးထွက်ဆိုချက်များ ရယူနိုင်ခြင်းမရှိသည့်အတွက် တရားလိုဦးကျော်သိန်းအား စစ်ဆေးမည့်ရုံးချိန်းကို ရွှေ့ဆိုင်းပေးရန် လျောက်ထားခဲ့သော်လည်း တရားရုံးကပယ်ချပြီး အမှုကိုဆက်လက်စစ်ဆေးခဲ့သည်ဟု အမှုလိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်း ကပြောသည်။

ဝန်ကြီးချုပ် ဦးညီပုသည် တပ်မတော်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်တွင် “ပြည်သူသို့ပန်ကြားချက်”ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ကိုကန့်ကွတ်ကြောင်း ဗွီဒီယိုတင်ခဲ့ သည်အတွက် ထပ်မံဖမ်းဆီးခံခဲ့ရသည်။

ဝန်ကြီးချုပ် ဦးညီပုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းအချိန်က တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ပူပေါင်းကာ နေအိမ်အတွင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မြို့နယ် ၅ မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှူးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ NLD ပါတီဝင် ၄ ဦး၊ ဒေသခံ ၆ ဦး စုစုပေါင်း ၁၉ ဦးဖမ်းဆီးထိန်းသိမ်းခံရပြီး ၎င်းတို့အထဲမှ ဦးညီပုမှလွဲ၍ ကျန်သောသူများအား အာဏာသိမ်းစစ်ကောင်စီကပြန်လည်လွှတ်ပေးခဲ့သည်။

https://www.facebook.com/westernnewsagency/posts/275759544230557

Leave a Reply

Your email address will not be published.