အသက်မပြည့်သည့် အမျိုးသမီးငယ်ကို အဓမ္မကျူးလွန်သူ ၂ ဦးထဲမှ ၁ ဦးမှာ ၄ လကျော်ကြာ ထွက်ပြေးလွတ်မြောက်နေ၊ ဖမ်းမိထားသူတစ်ဦးကို ရုံးထုတ်စစ်ဆေး

By Western News/ 2021 April 30

ပြီးခဲ့သည့် ၂၀၂ဝခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့က အမ်းမြို့၌ အသက် ၁၆နှစ်အရွယ် ဆွံ့အ အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခဲ့သည့် တရားခံ ၂ ဦးထဲမှ ၁ ဦးမှာ ၄ လကျော်ကြာ ထွက်ပြေးလွတ်မြောက်နေသော်လည်း ဖမ်းဆီးရမိထားသူ ၁ ဦးကို ဧပြီလ ၂၉ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ရှေ့နေထံမှသိရသည်။

အဓမ္မကျူးလွန်သူ နှစ်ဦးမှာ အမ်းမြို့ မြောက်ဖက်အုပ်စု၊ ကမ်းဒိတ်ကျေးရွာမှ အသက် ၂၂ နှစ်အရွယ် မိုးယံထက်စီနှင့် အသက် ၂၅ နှစ်အရွယ် သောင်းဖေတို့ဖြစ်ပြီး ၎င်းတို့ ကျောက်ဖြူခရိုင်တရားရုံးတွင်ရုံးထုတ်စစ်ဆေးခဲ့ကြောင်းရှေ့နေက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးထားသူသောင်းဖေကို ရုံးထုတ်စစ်ဆေးမှု ၅ကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပြီဖြစ်ကြောင်း ဧပြီ ၂၉ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေ ၄ဦးကို စစ်ဆေးနိုင်ခဲ့ကြောင်းအမျိုးသမီးငယ်၏ အမှုကို လိုက်ပါဆောင် ရွက်ပေးနေသည့် သဇင်ဥပဒေဆိုင်ရာ အဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဦးကျော်ဆန်းနိုင်ကပြောသည်။

“ဒီအမှုက သက်ငယ် မုဒိမ်းမှုဖြစ်တဲ့အတွက် ကျောက်ဖြူခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ကျွန်တော် တို့ ပါဝါတင်ပြီးနောက် ရုံးချိန်း ၅ ကြိမ်ထုတ်ပြီးသွားပါပြီ။ ယခင် ၄ ကြိမ်မှာ သိပ်မထူးခြားပေမယ့် မနေ့က ရုံးချိန်း မှာ တရားလိုပြသက်သေဖြစ်တဲ့ အရပ်သား ၄ ဦးစစ်ဆေးခဲ့ပါတယ်”ဟုပြောသည်။

သောင်းဖေကို အခင်းဖြစ်ပွားခဲ့သည့်နေ့ကတည်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သဖြင့် ၎င်းကို ကျောက်ဖြူအကျဉ်း ထောင်၌ထိန်းသိမ်းထားကာ လက်ရှိတွင် တရားရင်ဆိုင်နေရသည်။ မိုးယံထက်စီမှာ လက်ရှိအချိန်ထိထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု အမ်း မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တရားခံကို ငါတို့နယ်ထိန်းအဖွဲ့တွေကရှာဖွေနေပါတယ်။ ချင်းအမျိုးသားတွေနဲ့ မိတ်ဖက်အဖွဲ့အစည်း တွေနဲ့ ပေါင်းပြီးရှာဖွေကြတယ်။ တောင်ပေါ်သားဆိုတော့ သိတိုင်းအတိုင်းပဲ ရှာမတွေ့သေးဘူး ”ဟုပြောသည်။

၎င်းအမှုတွင်တရားလိုပြသက်သေ ၁၀ ဦး၊ ဆရာဝန်တစ်ဦး တရားသူကြီးနှင့် အမှုစစ် စုစုပေါင်း ၁၃ ဦးထိရှိပြီး ၎င်းတို့ထဲမှ ၂၉ ရက်နေ့ ရုံးချိန်းတွင် လိုပြသက်သေ ၄ ဦးကိုစစ်ဆေးနိုင်ခဲ့ခြင်းဖြစ်သည်။ နောက်ထပ်ရုံးချိန်းကို မေလ ၆ ရက်နေ့ သို့ထပ်မံချိန်းဆိုထားပြီး ယင်းနေ့တွင်လည်း အရပ်သားလိုပြသက်သေနောက်ထပ် ၃ ဦးစစ်ဆေးသွားမည် ဖြစ်ကြောင်းရှေ့နေက ပြောသည်။

အဆိုပါ အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ခဲ့သူ နှစ်ဦးအား အမ်းမြို့နယ်ရဲစခန်းတွင် ပ၁၂၀/ပုဒ်မ ၃၇၆/၁၁၄ တို့ဖြင့် အမှုဖွင့်ထားပြီး ဖြစ်သည်။

အမ်းမြို့တွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၂ရက်နေ့ ညနေ ၉ နာရီကျော်အချိန်ခန့်က ၎င်းရပ်ကွက်ရှိ အသိမိတ်ဆွေ နေအိမ်က ဗွီဒီယိုကြည့်ကာ အိမ်ပြန်လာသည့် အသက် ၁၆ နှစ်အရွယ်ဆွံအ အမျိုးသမီးငယ်တစ်ဦးအား မူးယစ်ရမ်းကားသူ နှစ်ဦးက အဓမ္မပြုကျင့်ခဲ့သည်။ ၎င်းတို့ထဲမှ တစ်ဦးမှာ လက်ချိန်အချိန်ထိ လွတ်မြောက်နေဆဲဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/281036373702874

Leave a Reply

Your email address will not be published.